Home သတင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား‌သော‌ကြောင့် ဖာပွန်-ကမ‌မောင်းလမ်းမကြီး‌ဘေးရှိ ‌ထောင်နှင့်ချီ‌သော ‌ဒေသခံများ ထွက်‌ပြေး တိမ်း‌ရှောင်ရ

တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား‌သော‌ကြောင့် ဖာပွန်-ကမ‌မောင်းလမ်းမကြီး‌ဘေးရှိ ‌ထောင်နှင့်ချီ‌သော ‌ဒေသခံများ ထွက်‌ပြေး တိမ်း‌ရှောင်ရ

4109

ဧပြီ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်‌မြေ မူ‌တြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ တွင် ဧပြီလဆန်းပိုင်းမှ စ၍ အာဏာသိမ်းစစ်‌ကောင်စီတပ်ဘက်မှ ‌ကျေးရွာများတွင် ‌သေနတ်ကြီးဖြင့် ပစ်ခတ်မှုများ‌နေ့စဉ် လုပ်‌ဆောင် ‌သော‌ကြောင့် ဖာပွန်- ကမ‌မောင်း လမ်းမကြီးနှင့်နီးသည့် ‌ကျေးရွာများရှိ ‌ထောင်နှင့်ချီသည့် ‌ဒေသခံများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု သိရသည်။

ပစ်ခတ်မှု‌ကြောင့် မူ‌တြော်ခရိုင် ဒွယ်လိုးမြို့နယ်နှင့် ဘူးသို မြို့နယ်အတွင်း ဖာပွန်ကမ‌မောင်း လမ်းမကြီးနှင့် နီး သည့် ‌ကျေးရွာများဖြစ်သည့် ‌နေကား၊ ဝါသိုးခို၊ မဲကျီခီးရွာ၊ ‌ဝေါဒူး၊ ‌ရေပူစသည့် ‌ကျေးရွာများအပါအဝင် ရွာ‌ပေါင်း ၃ဝ ‌ကျော် မှ ‌ဒေသခံများသည် လုံခြုံနိုင်သည့် ရွာများသို့ တိမ်း‌ရှောင်‌နေရသည်ဟု ‌ဒေသခံတစ်ဦးဖြစ်သည့် ‌စော‌မောင်‌အေးက ‌ကေအိုင်စီသို့‌ပြောသည်။

“လမ်းမကြီးနဲ့ နီးတဲ့လမ်းတစ်‌လျှောက်မှာ ရွာ‌တွေအများကြီးရှိတယ်။ စစ်တပ်နဲ့ BGF‌တွေ‌ပေါင်းပြီး တပ်အင်အား အမြဲတိုးချဲ့တယ်။ သူတို့‌တွေ ညပိုင်းမှာတက်လာတယ်။ ပစ်ခတ်မှု‌တွေလည်း ဆက်တိုက်ဆိုသလို ဖြစ်လာ‌တော့ ရွာသား‌တွေက‌တော့ လမ်းမကြီးနဲ့ ‌ဝေးတဲ့ ရွာ‌တွေမှာတိမ်း‌ရှောင်‌နေရတာ‌ပေါ့” ဟု‌ကေအီုင်စီသို့‌ပြောသည်။

အဆိုပါ မြို့နယ် နှစ်မြို့နယ်အတွင်း ပစ်ခတ်မှုများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် လူဦး‌ရေ နှစ်‌ထောင် ‌ကျော်ရှိပြီး တိုက်ပွဲနှင့် နီးသည့်ရွာများတွင် ရွာလုံးကျွတ်ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု‌ဒေသခံများ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

ပစ်ခတ်မှု‌ကြောင့် ဧပြီလ၂ ရက်‌နေ့က ဘူးသိုမြို့နယ် ‌ကျောက်ဖားရွာတွင် ရွာသား ၂ ဦး၊ ဧပြီလ ၇ရက်‌နေ့ တွင် ဒွယ့်လိုးမြို့နယ် ‌နေကားရွာတွင် ရွာသား ၄ဦး ထပ်မံ‌သေဆုံးသွားသလို ဒဏ်ရာရသူလည်းရှိသည်ဟု ‌ဒေသ ခံများ၏ ‌ပြောဆိုချက်အရသိရသည်။

အာဏာသိမ်း စစ်‌ကောင်စီတပ်ဘက်မှ ၁ လကြာ အပစ်ရပ်ထားသည်ဟု ဧပြီလ ၁ရက်‌နေ့တွင် ထုတ်ပြန် ထား‌သော်လည်း KNU ထိန်းချုပ်နယ်‌မြေများထဲတွင် တပ်အင်အားတိုးချဲ့၍ ‌နေ့စဉ်ပစ်ခတ်မှုများရှိသည်ဟု နယ်‌မြေခံများ၏ ‌ပြောဆိုချက်အရ သိရသည်။

စစ်အာဏာသိမ်းသည့် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့မှစ၍ စစ်‌ကောင်စီတပ်၏ ‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် ‌ကေအဲန်ယူ ခရိုင် /တပ်မဟာ ၇ ခုအတွင်း ထွက်‌ပြေးတိမ်း‌ရှောင်ရသည့် ကရင်ပြည်သူ စုစု‌ပေါင်း ၃၀,၀၀ဝ ‌ကျော်ပြီဟု ‌ကေအဲန်ယူက ဧပြီ ၉ ရက်‌နေ့တွင် သတင်းထုတ်ပြန်ထားသည်။