Home သတင်း ‌ကော့ကရိတ်တွင် တစ်ရက်ထဲ ၁၁ ဦး ဖမ်းခံရပြီး ၁ဝ ဦးမှာ အမျိုးသမီးများဖြစ်

‌ကော့ကရိတ်တွင် တစ်ရက်ထဲ ၁၁ ဦး ဖမ်းခံရပြီး ၁ဝ ဦးမှာ အမျိုးသမီးများဖြစ်

1947

မတ်လ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့တွင် ယမန်‌နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အ‌နေဖြင့် နယ်‌ပေါင်းစုံမှ ဆန္ဒလာ‌ရောက်ထုတ်‌ဖော် သူများထဲ၌ ၁၁ ဦး အဖမ်းခံရပြီး ၁ဝ ဦးမှာ အမျိုးသမီးများဖြစ်ကြသည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၂၈ ရက်)၌ ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ‌ကျောင်းဆရာမ ၂ ဦးအပါအဝင် အမျိုးသမီး ၁ဝ ဦးနှင့် အမျိုးသား ၁ ဦးတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ခြင်းဖြစ်‌ကြောင်း ဆန္ဒပြပွဲတွင် ဦး‌ဆောင်ပါဝင်သူ တစ်ဦးဖြစ်သည့် ဘိုဘိုက ယခုလို‌ပြောသည်။

“ဆရာမ ၂ ဦးကို ရဲ‌တွေက ဘာမ‌ပြောညာမ‌ပြောနဲ့ ကား‌ပေါ်ဖမ်းတင်သွားတယ်။ လူစုခွဲ‌ပေးဖို့ ‌ကြေညာတယ်။ ဖမ်းသွားတဲ့ ဆရာမ ၂ ဦးကို ပြန်လွှတ်‌ပေးဖို့ ပြည်သူက‌တောင်းဆို‌ပေမဲ့ ရဲက မလွှတ်‌ပေးတဲ့အပြင် လူစုခွဲဖို့ ‌ရေဖြန်းတယ်။ ‌ရေဖြန်းတာ မထိလို့ ချက်ချင်း ‌သေနတ်‌ဖောက်တယ်။ အဲဒါပြီး မျက်ရည်ယိုဗုံး‌တွေ ခွဲပြီး‌တော့ ‌တွေ့တဲ့လူ‌တွေကို ‌ခေါ်ထည့်သွားတယ်။” ဟု‌ပြောသည်။

အ.ထ.က(၂) ‌ကော့ကရိတ်‌ကျောင်း‌ရှေ့နားတွင် ဆန္ဒထုတ်‌ဖော်‌နေရာမှ ဖမ်းဆီး‌ခေါ်‌ဆောင်သွားခံခဲ့ရသူ ၁၁ ဦးတို့သည် ‌ကော့ကရိတ်မြို့‌ပေါ်နှင့် မြို့နယ်ရှိ ရွာများမှ ဖြစ်‌ကြောင်း ဘိုဘိုက ဆက်‌ပြောသည်။

ဖမ်းဆီးခံ ၁၁ ဦး လွတ်‌မြောက်‌ရေးအတွက် ကရင်တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ ဦး‌ဆောင်၍ ရဲများနှင့်ညှိနှိုင်းမှုများ လုပ်‌ဆောင်လျက်ရှိပြီး ခံဝန်ကတိဖြင့် ယခုရက်ပိုင်း အတွင်း လွတ်‌မြောက်လာမည့်အ‌ခြေအ‌နေရှိ‌ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ‌ပြောသည်။

စစ်တပ်အာဏာသိမ်းအပြီး ‌ကော့ကရိတ်မြို့ ဝန်းကျင်မှ ပြည်သူလူထုများသည် ‌ဖေ‌ဖော်ဝါရီ ၈ ရက်‌နေ့ ‌နောက်ပိုင်း ‌ကော့ကရိတ်မြို့၌ ‌နေ့စဉ် လာ‌ရောက်ဆန္ဒထုတ်‌ဖော်လျက်ရှိ‌သော်လည်း ယမန်‌နေ့ဖြစ်စဉ်‌ကြောင့် ယ‌နေ့တွင် ဆန္ဒပြ သူနည်းပါးလာ‌ကြောင်းလည်းသိရသည်။

“ရဲ‌တွေကို ကျ‌နော်တို့ မုန်းတာမဟုတ်ဘူး။ စစ်အာဏာရှင်မကြိုက်လို့ စစ်အာဏာရှင် မပြုတ်ကျမချင်း ဆက်လက်ဆန္ဒ ထုတ်‌ဖော်သွားမှာဖြစ်တယ်။” ဟု ဆန္ဒပြပွဲကို ဦး‌ဆောင်သူ ဘိုဘိုက ထပ်‌လောင်း‌ပြောဆိုသည်။

ယ‌နေ့(မတ် ၁ ရက်)တွင်လည်း ‌ကော့ကရိတ်ဆန္ဒပြပွဲကို ဦး‌ဆောင်သည့် အသက် ၂ဝ မှ ၂၅ နှစ်အတွင်း လူငယ်များကို ရဲများမှ ဖမ်းဆီးရန် ကြိုးစား‌နေ‌သော်လည်း ဖမ်းဆီးရမိခြင်းကို မကြားမိ‌သေး‌ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများထံမှ သိရသည်။

ထို့အတူ ယမန်‌နေ့က ဖားအံမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်ပွဲ သပိတ်စစ်‌ကြောင်း များကို ရဲနှင့် စစ်တပ်မှ နံနက် ၁ဝ နာရီ‌ကျော်တွင် ဖြိုခွင်းခံရပြီး‌နောက် လူ ၄ဝ ဦး‌ကျော် ဖမ်းဆီးထိန်းသိမ်းလိုက်သလို ယမန်‌နေ့က မြဝတီမြို့တွင်လည်း ဆန္ဒထုတ်‌ဖော်မည့်သူများသည် အမှတ် ၁ ချစ်ကြည်‌ရေး တံတားထိပ် ဘုရင့်‌နောင် လမ်းမကြီး‌ပေါ်တွင် စတင်စု‌ဝေး‌နေစဉ် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ၁ဝ ဦးထက်မနည်း အဖမ်းခံခဲ့ရသည်။

နိုင်ငံ‌ရေးအကျဉ်းသားကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (AAPP)၏ မှတ်တမ်းပြုချက်များအရ မြန်မာနိုင်ငံတွင် စစ်အာ ဏာသိမ်းသည့် ‌ဖေ‌ဖော်ဝါရီ ၁ ရက်မှ ‌ဖေ‌ဖော်ဝါရီ ၂၈ ရက်‌နေ့အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ မှတ်ခြင်း ခံရသည့် နိုင်ငံ‌ရေးအကျဉ်းသား စုစု‌ပေါင်း (၁,၁၃၂) ဦးအထိရှိ‌ကြောင်း ‌ဖော်ပြထားသည်။