မတ်လ ၁၂ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း လူဦးရေ (၁) သိန်းခွဲခန့်ကို Covid-19 ကာကွယ်ဆေးထိုးပေးရန် လျာထားပြီး လက်ရှိ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းထိ ဆေးထိုးပြီးသူ လူ (၁) သောင်းကျော်ခန့် ရှိလာပြီးဟု မြဝတီခရိုင်ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။
မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းရာ အချက်အခြာကျသည့် မြို့ဖြစ်သည့် အတွက် နှစ်နိုင်ငံနယ်စပ်နေပြည်သူများ သွားလာမှုလွယ်ကူစေရန် လူ (၁) သိန်းခွဲခန့်အထိ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် လျာထားခြင်း ဖြစ်ကြောင်း မြဝတီခရိုင်ဆေးရုံတာ ဝန်ရှိသူများက ပြောသည်။
“မြဝတီခရိုင်ဆေးရုံ၊ ရွှေမြဝတီ FQC ၊ ရွှေကုက္ကိုမြိုင်သီတဂူဆေးရုံ၊ သကင်္န်းညီနောင်ဘုန်းကြီးကျောင်း၊ မဲ့ထော်သလေးကျေးလက်ကျန်းမာရေးဆေးခန်း စတဲ့နေရာများမှာ ထိုးပေးလျက်ရှိပါတယ်”ဟု ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသည့် ရွှေမြဝတီ FQC တာဝန်ခံ ဒေါက်တာစောဌေးမြင့်က ပြောသည်။

ယခုထိုးနှံပေးသည့် ကိုဗစ်ကာကွယ်ဆေးမှာ အိန္ဒယနိုင်ငံထုတ် covishield အမျိုးအစားဖြစ်ပြီး ယင်းကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရမှာဖြစ်ကာ ပထမအကြိမ် ကာကွယ်ဆေးထိုးသည့်ကာလကို မတ်လ ၆ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့ထိ သတ်မှတ်ထားသည်ဟု သိရသည်။
မတ်လ ၁ဝရက်နေ့က ရွှေမြဝတီ FQC တွင် ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးခဲ့သူ တစ်ဦးက “လူတစ်ဦးလျှင် ကိုဗစ်ကာကွယ်ဆေးကို ၂ ကြိမ် ထိုးရမှာဆိုတော့ ပထမအကြိမ်အနေနဲ့ သွား ထိုးခဲ့ပါပြီး၊ ဒုတိအကြိမ်အဖြစ် မတ်လ ၃၁ ရက်မှာ ပြန်လာထိုးဖို့ အတွက် ကဒ်ပြား ထုတ်ပေးထားပါတယ်” ဟု ပြောသည်။
လက်ရှိအခြေအနေတွင် မြဝတီမြို့၌ စစ်ကောင်စီအာဏာသိမ်းထားသည့် ကာလမှာ Covid- 19 ကာကွယ်ဆေးကို သွားရောက် မထိုးနှံလိုသည့် ပြည်သူများလည်း ရှိနေသည်ဟု သိရသည်။



















