မတ်လ ၃ဝ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ဗဟို ညွှန်ကြားချက်မပါဘဲ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)အနေဖြင့် NCA ပျက်ပြားအောင် လုပ်ဆောင်နေကြောင်း မတ်လ ၂၈ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်ကောင်စီပိုင် မြဝတီ(MWD) သတင်းဌာ နမှတစ်ဆင့် ထုတ်ပြန်ရှင်းလင်းမှုမှာ အဖွဲ့အစည်းအတွင်း စည်းလုံးမှုပျက်ပြားအောင် လုပ်ဆောင် ခြင်းသာ ဖြစ်ကြောင်း KNU ဗဟိုက တုန့်ပြန်ပြောဆိုလိုက်သည်။
မတ်လ ၂၇ ရက်နေ့က ဖာပွန်ဒေသရှိ ထီးမူထာ(သီးမူထာ) အခြေစိုက်စခန်းသိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့မြဝတီ(MWD) သတင်းဌာနမှတစ်ဆင့် KNU တပ်မဟာ(၅)သည် ဗဟိုညွှန်ကြားချက်မပါဘဲ KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၏ သီးခြားညွှန်ကြားမှုဖြင့် NCA ပျက်ပြားစေမည့် တိုက် ခိုက်မှုများပြုခြင်းသာဖြစ်ကြောင်း KNU ဗဟိုဘက်မှ တပ်မတော်ဘက်သို့ အကြောင်းပြန်ခဲ့သည်ဟု ဆိုကာ သတင်းထုတ်လွှင့်ခဲ့ခြင်းအပေါ်မဟုတ်မှန်ကြောင်း KNU က ယခုလိုပြောသည်။
KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ကျနော်တို့ KNU ကြားထဲမှာ ကွဲအောင်လို့ ပြောဆိုလာတဲ့ သတင်းအမျိုးမျိုးတွေ တွေ့နေရတယ်။ တချို့သော အရာတွေက ဗဟို အတိုင်းအတာရဲ့ လုပ်ပိုင်ခွင့်တွေ၊ ခရိုင်တပ်မဟာရဲ့ လုပ်ပိုင်ခွင့်တွေ သီးသန့်ခွဲပေးထားပါတယ်။ KNU ဗဟိုရဲ့ ညွှန်ကြားမှု မပါဘူး၊ KNU ဗဟိုက အသိမပေးဘူးဆိုပြီး မဆိုင်တဲ့ကိစ္စတွေပြောလာတာတွေရှိတယ်။ ဒါတွေကိုတော့ မဟုတ်ဘူး၊ လက်ခံလို့လည်း မရဘူးလို့တော့ ပြောချင်တယ်။”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ယခင် သဘောတူလက်မှတ်ရေးထိုးထားသည့် NCA စာချုပ်မှာလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်ရှိကာလတွင် အသက်မဲ့နေသော စာချုပ်တစ်ခုအနေဖြင့်သာကျန်ရှိနေပြီး ကနဦးစာချုပ်ပါ သဘောတူညီ ချက်များ ချိုးဖောက်သူမှာလည်း အာဏာသိမ်း စစ်ကောင်စီဘက်သာဖြစ်ကြောင်း ပဒိုစောလှထွန်းက ဆက်ပြော သည်။
မြဝတီသတင်းမှ ထုတ်ပြန်ကြေညာရာတွင် KNU အနေဖြင့် နိုင်ငံတကာအသိသက်သေ၊ တိုင်းရင်းသား ခေါင်း ဆောင်များရှေ့မှောက်တွင် NCA ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ကြောင်း၊ တပ်မဟာ (၅) တပ်ဖွဲ့ဝင် များသည် ဘောကျော်ဟဲ၏ သီးခြားညွှန်ကြားချက်ဖြင့် နည်းမျိုးစုံအကြောင်းပြချက် အမျိုးမျိုးဖြင့် NCA ပျက်ပြား အောင် တိုက်ခိုက်မှုများပြုနေကြောင်း၊ ၎င်းအတွက်သက်ဆိုင်ရာ KNU ဗဟိုသို့ စာဖြင့်လည်း ကောင်း၊ နုတ်ဖြင့် လည်းကောင်း အကြိမ်ကြိမ်အကြောင်းကြားခဲ့သော်လည်း ဗဟို၏ တားမြစ်ချက်ကို KNU တပ်မဟာ (၅) အနေဖြင့် လိုက်နာမှုမရှိကြောင်း KNUဘက်မှ အကြောင်းပြန်ခဲ့သည်ဟု ကြေညာခဲ့သည်။
အဆိုပါ တပ်မဟာ (၅)၏ လုပ်ဆောင်ချက်များမှာ KNU ဗဟို၏ သဘောဆန္ဒပါဝင်မှုမရှိကြောင်း၊ ဒုတိယ စစ်ဦးစီးချုပ် အဆင့်ရှိသူ ဘောကျော်ဟဲမှာ အမိန့်နာခံမှုမရှိဘဲ တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင်များဖြင့် NCA ချိုးဖောက်မှုများ ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေး ပျက်ပြားအောင် ဆောင်ရွက်နေသည့်အပေါ် တပ်မတော် အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ကြောင်း KNU ဗဟိုဘက်မှ အကြောင်းပြန်ခဲ့သည်ဟု MWD သတင်း၌ ကြေညာသွားခဲ့ခြင်းဖြစ်သည်။
သို့သော် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့အချိန်ထိ KNU တပ်မဟာ (၁)၊ တပ်မဟာ(၃)နှင့် တပ်မဟာ (၅) ဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ဆင်ရေး ဖော်ဆောင်မှုများ၊ အရပ်သားအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ထိတွေ့မှု အနည်းဆုံး အကြိမ်အရေ အတွက် ၃၀ဝ ထက်မနည်း ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကြီးငယ်ပစ်ခတ်မှုအနေဖြင့် ထောင်ကျော် ပြုလုပ်ခဲ့ကြောင်း KNU ဘက်က ဆိုသည်။
စစ်ကောင်စီဘက်ကမူ KNU တပ်မဟာ (၅) အနေဖြင့် ကားမိုင်းထောင်ခြင်း(၈)ကြိမ်ပြုလုပ်ခဲ့ပြီး တပ်မတော် ယာဉ် ၉ စီး ပျက်စီးခဲ့ကြောင်း၊ ယခုရက်ပိုင်းများတွင်လည်း KNU ဘက်မှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ဖားအံ၊ သထုံ၊ တောင်ငူနှင့် ဘောနပ်ကြီးစသည့် တပ်နယ်များ၊ တပ်ဌာနချုပ်များ တစ်ကြိမ်စီနှင့် မော်လမြိုင် တပ်နယ် အတွင်းအရပ်ဘက်ပစ်မှတ်များပါ ပစ်ခတ်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ကြောင်း MWD ကနေတစ်ဆင့် ကြေညာ သွားခဲ့သည်။
ထို့အပြင် နယ်မြေလုံခြုံရေး ရယူနေသည့်တပ်မတော် စခန်းများကို ဘောကျော်ဟဲ၏ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုဖြင့် NCA လိုက်နာမှုမရှိဘဲ ဝင်ရောက် တိုက်ခိုက်မှုအပေါ် တပ်မတော်အနေဖြင့် သည်းခံနိုင်မှု အတိုင်းအတာကျော်လွန်လာပြီးဖြစ်၍ မတ်လ ၂၇ ရက်နေ့မှစ၍ လုပ်သင့်လုပ်ထိုက်သည်များကို အရေးယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီပိုင် MWD သတင်း၌ အတိအလင်း ကြေညာသွားခဲ့သည်။
၎င်းကြေညာချက်မပြုလုပ်ခင် မတ်လ ၂၇ရက်နေ့က ၎င်းတို့၏ ထီးမူထာတပ်စခန်း အသိမ်းပိုက်ခံလိုက်ရပြီး နောက် ညပိုင်းမှစတင်၍ မတ်လ ၂၈ ရက်နေ့အထိ KNU တပ်မဟာ(၅) ဌာနချုပ်အပါအဝင် KNU နယ်မြေ အတွင်းရှိ ကျေးရွာ ၇ ရွာခန့်ကို တိုက်လေယာဉ်၊ ဂျက်လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများအပြင် သောင်းနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း KNUဘက်က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ထီးမူထာ စခန်းသိမ်းယူမှုအပြီး ထုတ်ပြန်သည့် KNU တပ်မဟာ (၅)၏ ထုတ်ပြန်ချက်၌လည်း ပြည်သူ လူထုကို အကာအကွယ်ပေးပြီး စစ်ကောင်စီ တပ်ဖွဲ့အပေါ် ခုခံတုန့်ပြန်မှုကို အရှိန်အဟုန်ဖြင့် ပိုမိုလှုပ်ရှား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။