Home သတင်း ပြည်သူနှင့်အတူ ရပ်တည်‌ကြောင်း ကရင်ပြည်နယ် လျှပ်စစ်မှူး ထုတ်‌ဖော်‌ပြောဆို

ပြည်သူနှင့်အတူ ရပ်တည်‌ကြောင်း ကရင်ပြည်နယ် လျှပ်စစ်မှူး ထုတ်‌ဖော်‌ပြောဆို

5764

‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် ယ‌နေ့( ‌ဖေ‌ဖော်ဝါရီလ ၁ဝ ရက်) ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး လူထုဆန္ဒထုတ်‌ဖော်မှုတွင် ကျန်းမာ‌ရေးနှင့် ပညာ‌ရေး ဝန်ထမ်းများအပါအဝင် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူးပါ ပြည်သူ နှင့် အတူ ရပ်တည်သွားမည်ဖြစ်‌ကြောင်း ထုတ်‌ဖော်‌ပြောဆိုသည်။

သုံးရက်‌မြောက်ရှိလာပြီးဖြစ်သည့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဖားအံလူထုလှည့်လည် ဆန္ဒထုတ်‌ဖော်မှုအတွင်း ဆန္ဒထုတ်‌ဖော်သည့် ပြည်သူများနှင့် ‌တွေ့ဆုံစဉ် ၎င်းက ထိုသို့ ထုတ်‌ဖော်‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျ‌နော်လည်းဝန်ထမ်းဆို‌ပေမယ့် ပြည်သူထဲက ပြည်သူပဲဖြစ်ပါတယ်။ အဓမ္မကို ဓမ္မအနိုင်ယူမယ်လို့ ယုံကြည်ပါတယ်။ မှန်ကန်တဲ့ ဘက်က‌နေ ကျ‌နော်တို့ ရပ်တည်ပါမယ်။ လျှပ်စစ်ဓါတ်အားမပြတ်‌တောက်‌ရေး ကူညီ‌ဆောင်ရွက်မှုပြုလုပ်‌နေသလို ပြည်သူ‌တွေရဲ့ ‌ဆောင်ရွက်ချက်‌တွေကိုလည်း အား‌ပေးပါတယ်။ ဂုဏ်ယူပါတယ် ။ ”ဟု သတင်း‌ထောက်များ၏ ‌မေးမြန်းမှုအ‌ပေါ် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသိန်း‌ရွှေ က‌ပြောသည်။

ထို့အပြင် မလိုလားအပ်သည့် အဖျက်အ‌မှောက်များ‌ကြောင့် လျှပ်စစ်ကို မှီခို‌နေရသည့် ပြည်သူများ မိးပြတ်လပ်မှု မရှိရ‌လေ‌အောင် ကြိုးပမ်း‌ဆောင်ရွက် ‌နေ‌ကြောင်း ၎င်းက ဆက်လက်‌ပြောဆိုသည်။

အလားတူ ပြည်နယ်ဂုဏ်‌ဆောင်ကာယအလှမယ် နန်းထက်ထက်လင်းလည်း ယ‌နေ့ ဆန္ဒ‌ဖော်ထုတ်မှုတွင် တတတ်တအားပါဝင်ခဲ့သလို သူမနှင့်အတူ အလှဖန်တီးရှင်များ၊ ဒီဇိုင်နာများကလည်း ထူးခြားသည့် ဆန္ဒထုတ်‌ဖော်မှု ပုံစံများဖြင့် ပူး‌ပေါင်းပါဝင်ကူညီခဲ့ကြသည်။

လူထုဆန္ဒ‌ဖော်ထုတ်မှုတွင် စုရပ်အဖြစ် အ.ထ.က(၁) ‌ကျောင်း‌ရှေ့မှ စတင်ကာ ဗိုလ်ချုပ်လမ်း မ‌ပေါ်ရှိ ပြည်နယ် စု‌ပေါင်းရုံးဝင်း‌ရှေ့တွင် ဆန္ဒထုတ်‌ဖော်ခဲ့ကြပြီး‌နောက် ၎င်းလမ်းမ တစ်‌လျှောက်ရှိသည့် ပြည်နယ် လျှပ်စစ်ရုံး‌ရှေ့ နှင့် မြန်မာ့စီးပွား‌ရေး ဘဏ်‌ရှေ့များသို့ ချီတက်လှည့်လည်ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယ‌နေ့ ပြုလုပ်သည့် ဖားအံလူထုဆန္ဒထုတ်‌ဖော်မှုအ‌ပေါ်ထူးခြားသည့် တစ်စုံတစ်ရာ ကန့်ကွက်တားဆီးနှိမ်နှင်းခြင်း မရှိ‌ကြောင်း သိရပြီး ကျန်းမာ‌ရေး ဝန်ထမ်းများအပါအဝင် ပညာ‌ရေးဝန်ထမ်းများလည်း ပြီးခဲ့သည့် ရက်များထက် အများအပြား ပူး‌ပေါင်းပါဝင်လာ‌ကြောင်း သိရသည်။