Home သတင်း ကရင်ပြည်နယ်အတွင်း အသစ်ခန့်အပ်သည့် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအချို့ နုတ်ထွက်မှုရှိ

ကရင်ပြည်နယ်အတွင်း အသစ်ခန့်အပ်သည့် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအချို့ နုတ်ထွက်မှုရှိ

2070

‌ဖေ‌ဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် ပြည်သူလူထု၏ ‌ရွေး‌ကောက်ခံခြင်းမပါဘဲ စစ်‌ကောင်စီမှ အသစ် ယာယီခန့်အပ်လိုက်သည့် ‌ကျေး ရွာအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများထဲတွင် အချို့မှာ ပြန်လည် နုတ်ထွက်သွားသည်ဟု သိရသည်။

ပြန်လည်နုတ်ထွက်သည့် အုပ်ချုပ်‌ရေးမှူးအချို့သည် ကျန်းမာ‌ရေးမ‌ကောင်း‌ကြောင်း၊ စီးပွား‌ရေး မ‌ပြေလည် ‌ကြောင်း အ‌ကြောင်းပြချက်ဖြင့် နုတ်ထွက်သူရှိသလို မိမိသ‌ဘောဆန္ဒနှင့် ‌ဆောင်ရွက်လိုခြင်းမရှိသည့်အတွက် သက်ဆိုင်ရာ မြို့ နယ်အုပ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနထံ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်‌ရေးမှူး နာမည်စာရင်းကျပြီးမှ ပြန်လည်နုတ်ထွက်ခဲ့သူ လှိုင်းဘွဲမြို့နယ် အမှတ်(၈)ရက်ကွက်မှ ဦးရန်‌နောင်စိုး က “နုတ်ထွက်ရတဲ့အ‌ကြောင်းရင်းက အများကြီးရှိတာ‌ပေါ့။ ကိုယ့်မိသားစုအ‌ရေး၊ အိမ်တွင်း‌ရေးကိစ္စ ပြဿနာ‌လေး‌တွေ ရှိတာ‌ပေါ့။ ကိုယ်ကလည်း ကိုယ့်ရပ်မိရပ်ဖ‌တွေနဲ့ တစ်‌ယောက်နဲ့တစ်‌ယောက် စကား မများချင်ဘူး‌ပေါ့ဗျာ။ အစက အုပ် ချုပ်‌ရေးမှူးလုပ်ဖို့ ကျ‌နော့်ကို ကမ်းလှမ်းတာ၊ ကျ‌နော်က လက်ခံလိုက်တယ်။ ပြီးမှ စာကျလာတယ်။ စာကျလာ‌တော့ ဒီ‌လောက်အထိ ပြဿနာ ကြီးကြီးမားမား ဖြစ်မယ်လို့ ကျ‌နော် မသိထား‌သေးဘူး။ အဲဒါ‌ကြောင့်မို့ပါ။ ကျန်တာ ပြဿနာ မရှိဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နုတ်ထွက်စာ‌ပေးပို့သည့် အုပ်ချုပ်‌ရေးမှူးများထဲတွင် ကရင်ပြည်နယ် ဖားအံမြို့နယ်တွင် ၁ဦး၊ ‌ကော့ကရိတ်မြို့ နယ်တွင် ၁ဦးနှင့် လှိုင်းဘွဲမြို့နယ်တွင် ၂ဦးရှိသည်ဟု ကနဦးတွင် သတင်းရရှိထားသည်။

“တစ်ချို့က နုတ်ထွက်တာရှိတယ်လို့ ‌တွေ့ရတာ‌ပေါ့‌နော်။ သူတို့ဘာအ‌ကြောင်းပြချက်နဲ့ နုတ်ထွက် နုတ်ထွက်၊ သူတို့ အသိစိတ်‌လေးနဲ့ နုတ်ထွက်သွားတာကို ‌ကျေးဇူးတင်တယ်။ ‌လေးလည်း ‌လေးစားပါတယ်။ ကျ‌နော်တို့ ရပ်ကွက်မှာ‌တော့ အုပ်ချုပ်‌ရေးမှူးက နုတ်မထွက်‌သေးဘူး။ နုတ်မထွက်မချင်း ကျ‌နော်တို့က သူ့ကို လက်မခံ‌ကြောင်း ဆန္ဒပြရမှာပဲ။”ဟု ဖားအံမြို့ အမှတ်(၉)ရပ်ကွက်တွင် ‌နေထိုင်သူ ‌စောအမျိုးက ‌ပြောသည်။

လူထုဆန္ဒမပါဘဲ တင်‌မြောက်ထားသည့် ‌ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးအသစ်ကို လက်မခံသည့်အတွက် ရပ်ကွက်နှင့် ‌ကျေးရွာအချို့မှ လူထုများ ကန့်ကွက်ဆန္ဒပြမှုရှိသလို အသစ်ခန့်အပ်သည့် အုပ်ချုပ်‌ရေးမှူး ရုံးမတက်နိုင် ‌ရေးအတွက် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးကို ပိတ်ထားခြင်းအားဖြင့် ဆန္ဒပြမှုများလည်းရှိသည်။