ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ စောရှား
အာဏာရှင်စနစ်နှင့်မဟာလူမျိုးကြီးဝါဒကို အလိုမရှိကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပ လာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ဝင်းရော်ဒေသ၊ တောင်ဒီးကျေးရွာ၌ ဒုတိယအကြိမ်ပြုလုပ်သည့် ကရင် အမျိုးသားနေ့အခမ်းအနားတွင် ကြွေးကြော်ခဲ့သည်။
ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်) တွင် ကျရောက်သည့် ၇၃ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနား၌ တက်ရောက်လာသူများက ထိုသို့ကြွေးကြော်လိုက်ခြင်းဖြစ်ပြီး တိုင်းရင်းသားတန်းတူအခွင့် အရေးကိုသာ လိုလားကြောင်းလည်း ဆက်လက်ကြွေးကြော်ခဲ့သည်။
ဝင်းရေးမြို့နယ်ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက“တစ်ပါးလူမျိုးတို့ကို အထင်သေးအမြင်သေး အပေါ်စီးက ဆက်ဆံပြီး မိမိအမျိုးသာလျှင် အတော်ဆုံး၊ အမြင့်မြတ်ဆုံး၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တတ်တဲ့လူလို့ ခံယူ အတွေးအခေါ်ရှိတာကို မဟာလူမျိုးကြီးဝါဒလို့ခေါ်တယ်။ အာဏာရှင်စနစ်ကို ကိုင်ထားတဲ့ မဟာ လူမျိုးကြီးဝါဒဟာ ကျနော်တို့ ကရင့်အမျိုးသားတွေရဲ့ အခြေခံရန်သူ” ဟု အခမ်းအနားတွင် ပြောဆိုခဲ့ သည်။
တရားဥပဒေရှေ့မှောက်တွင် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ကရင်ပြည် ကိုသာလိုလားပြီး ဒီမိုကရေစီအင်အားစုများသည် မိမိတို့၏ မိတ်ဆွေများဖြစ်ကြောင်း ပဒိုစောမောင်ရွှေ က အခမ်းအနားမိန့်ခွန်းတွင် ဆက်လက် ပြောဆိုခဲ့သည်။
ယနေ့အခမ်းအနားသို့ ဝင်းရေးမြို့နယ်တာဝန်ရှိသူများ၊ ဝင်းရော်ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများတက်ရောက်ခဲ့ပြီး ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့်ရည်ရွယ်ချက်များပြောကြားခြင်း၊ ကြွေးကြော်သံများ၊ ဖျော်ဖြေရေးအကများ၊ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်းများ၊ ချစ်ကြည်ရေးအားက စားပွဲများ ပြုလုပ်ခဲ့သည်။
တောင်ဒီးရွာမှ အခမ်းအနားသို့ တက်ရောက်လာသည့် နောင်းအနိုင်းယှူးက “ကရင်အမျိုးသားနေ့ဖြစ် ပေါ်လာပုံသိရှိပြီး ကရင်လူမျိုးတို့ရဲ့ တန်းတူအခွင့်အရေးရပိုင်ခွင့်တွေအတွက် ကျမတို့ လူငယ်တွေ အနေနဲ့ ရည်ရွယ်ချက်ပြည့်မြောက်တဲ့အထိ လက်ဆင့်ကမ်း ထမ်းဆောင်သွားပါမယ်။” ဟု ပြောသည်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကရင်လူထု ၄သိန်းကျော်က “ကရင်ပြည် ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ” စသည့် တောင်းဆိုချက်ပိုစတာများ ကိုင်ဆောင်ကာ ကရင်ပြည်ပေးရေး ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ယင်းနေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှ ၂၅ရက်နေ့အထိ ဖာပွန်မြို့နယ်၌ ကျင်းပသော ကော်သူးလေ ပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကရင်အမျိုးသားနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့ သည်။


















