ဖေဖေါ်ဝါရီ ၃ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
အဖမ်းခံထားရသည့် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးအတွက် လိုအပ် သည့်အသုံးအဆောင်ပစ္စည်းများကို မိသားစုဝင်များထံမှ ယနေ့ (ဖေဖေါ်ဝါရီ ၃ ရက်)တွင် သက်ဆိုင်ရာက လာယူသွားသည်ဟု ဝန်ကြီး၏ မိသားစုဝင် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“အခု ညနေ ၃ နာရီလောက်က ဝန်ကြီးက သူ့အသုံးအဆောင်ပစ္စည်းတွေ ယူခိုင်းလိုက်လို့ အရပ်ဝတ်နဲ့ သူတွေ ပန်းဝါလမ်းက အိမ်မှာလာယူသွားတယ်။ ဝန်ကြီးကျန်းကျန်းမာမာရှိရဲ့လားလို့ မေးတော့ မပူပါနဲ့တဲ့၊ အဲ့မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိတယ်လို့ ပြောသွားတယ်”ဟု ဝန်ကြီးနှင့် အတူနေ မိသားစုဝင်တစ်ဦးက ကေအိုင်စီ သို့ ပြောသည်။
လက်ရှိ ဝန်ကြီးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသလို စတင်ဖမ်းဆီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ ပထမဆုံးအကြိမ် ယခုလို အသုံးအဆောင်ပစ္စည်းများ လာယူသွားခြင်းဖြစ်သည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။
လက်ရှိ ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးသည် ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သလို သူမအား ပြန်လွတ်ပေးရန် မေတ္တာရပ်ခံလိုသည်ဟု ရန်ကုန်တောင်ပိုင်းခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီကလည်း ယနေ့တွင် သဘောထားထုတ်ပြန် တောင်းဆိုထားသည်။
ယခုလို ဝန်ကြီးက သူမလိုအပ်သည့် ပစ္စည်များကို မိသားစုထံမှ လာယူခိုင်းသည့်အတွက် သူမကို ဆက်လက် ဖမ်းထားဦးမည့် သဘောရှိသည်ဟု မိသားစုဝင်များက ပြောသည်။ ဝန်ကြီးသည် ပြီးခဲ့သည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခြင်းမပြုတော့သလို အစိုးရသက်တမ်းကုန်လျှင် အနားယူရန် ကရင်ရေး ရာဝန်ကြီးအဖြစ်မှ အနားယူမည်ဖြစ်ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အစည်းအဝေးများတွင် သူမက ပြောဆိုထားသည်။