ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၁ခုနှစ်။ စအိုင်ဆူး
ယမန်နေ့ (ဖေဖော်ဝါရီလ ၁ ရက်)က ဖြစ်ပေါ်ခဲ့သည့် မြန်မာ့တပ်မတော်၏ နိုင်ငံတော် အာဏာသိမ်းယူမှုအပေါ် လက်မခံနိုင်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ ယနေ့ (ဖေဖော်ရီလ ၂ရက်)တွင် သဘော ထားထုတ်ပြန်ပြောဆိုလိုက်သည်။
မြန်မာ့တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူမှုသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အပေါ် များစွာ ထိခိုက်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမဟုတ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ယခုလိုပြောသည်။
“တပ်က အာဏာကို သိမ်းယူပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းလိုက်တာကိုတော့ ကျနော်တို့ အနေနဲ့ လုံးဝ လက်ခံလို့မရပါဘူး။ နောက်ပြီး ကျနော်တို့ တိုင်းပြည်က အရင်ကတည်းက စိန်ခေါ်မှုများစွာနဲ့ ရှိနေတဲ့ တိုင်း ပြည်ပါ။
ဒီအပေါ်မှာ ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုသွားဖို့က ဒီလုပ်ရပ်က ကြီးမားတဲ့ အဟန့် အတားစိန်ခေါ်မှုကြီး ဖြစ်စေပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်လည်း စိုးရိမ်မိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လတ်တလော ဖြစ်ရပ်အပေါ် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှု၍ ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော် သမ္မတဦးဝင်းမြင့် အပါအဝင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီခေါင်းဆောင်များ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို ချွင်းချက်မရှိ လွတ်ပေးရန်လည်း KNU က အလေးအနက်တောင်းဆို ကြောင်း ဆိုသည်။
၎င်းဖြစ်ပေါ်ခဲ့သည့် စစ်တပ် အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး တပ်မတော်သည် ၎င်းတို့ ကိုယ်တိုင်ပြဌာန်း သတ်မှတ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ အာဏာကို အဓမ္မရယူခဲ့ခြင်းသာဖြစ် ကြောင်း တတ်သိပညာရှင်များက ဝေဖန်ထောက်ပြပြောဆိုခဲ့ကြသလို KNU အနေဖြင့် ၎င်းထောက်ပြမှုအပေါ် ထောက်ခံခဲ့သည်။
“ သူတို့ပြောတာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီလို့ ဆိုပေမဲ့ လုံးဝမညီတာကို တွေ့ရမှာပါ။ ဘယ်လိုပဲ ညီသည် ဖြစ်စေ၊ မညီသည်ဖြစ်စေ ပြောပြော ဒီ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာက ဘယ်ပြဿနာကိုမှ ဖြေရှင်းလို့မရဘူးလို့ ကျနော်တို့က ယုံကြည်ထားပြီးသား။ (နိုင်ငံရေးပြဿနာ)အဖြေက ဒီ ၂၀၀၈ အောက်မှာ မရှိဘူး။ မတူကွဲပြား မှုထဲကမှ တန်းတူရည်တူရှိမှုအပေါ်မှာပဲ အဖြေရှိတယ်။”ဟု ပဒိုစောတာဒိုမူးက ဖြည့်စွက် ပြောသည်။
လတ်တလော အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဒီမို ကရေစီ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးနှင့် အတူတကွ ရပ်တည် သွားမည်ဖြစ်ကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားခဲ့သည်။
အလားတူ ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် စစ်တပ် အာဏာသိမ်းမှုအပေါ် မြန်မာနိုင်ငံအတွင်းရှိ အရပ်ဖက်၊ ကျောင်းသားလူငယ်ထုနှင့် ဘာသာရေး အဖွဲ့အစည်းများအပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများပါမကျန် အပြင်းအထန်ကန့်ကွက် ရှုတ်ချခဲ့ကြပြီး နိုင်ငံတကာ တိုင်းပြည်များမှလည်း ၎င်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြကာ ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရေးနှင့် ရွေးကောက်ပွဲရလဒ်အပေါ် လက်ခံသွားရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။
လက်ရှိတွင် ဒု-သမ္မတ ဦးမြင့်ဆွေမှ ယာယီသမ္မတဖြင့် ကာ/လုံ အစည်းအဝေး ခေါ်ယူပြီး တိုင်းပြည်အာဏာကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းကာ နိုင်ငံတော်၏ အရေးပေါ် ကာလ အနေဖြင့် ကြေညာကာ အာဏာရယူခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယမန်နေ့က သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များကို တာဝန်မှ ရပ်စဲကြောင်း ကြေညာပြီး ၎င်းနေရာများကို တပ်မတော်အရာရှိများ၊ အရာရှိဟောင်း များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)အဖွဲ့ဝင်များဖြင့် ပြန်လည်အစားထိုးခန့်အပ်လိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာထားသည်။