Home ကဗျာ အစွန်းတစ်ဖက်ရဲ့ တစ်နေရာ

အစွန်းတစ်ဖက်ရဲ့ တစ်နေရာ

1447

အစွန်းတစ်ဖက်ရဲ့ တစ်နေရာ

ဘိလပ်မြေ အိတ်တစ်ထောင်နဲ့
ပေစာကို အထပ်ထပ်ဖုံး
သွေးခုန်နှုန်းတွေ ရပ်လိုရပ်
စာဆိုတော် ဝိညာဉ်လည်း လန့်လိုလန့်…။

ဝင်းရော်ရဲ့ ရင်ချင်းဆက်က
ရင်ခုန်နှုန်းတွေ…
ရင်လွှာတွေ…
အထပ်လိုက်ထပ်လိုက်ခြားလို့…
ပုရစ်ဖူးတွေလည်း အစုလိုက်စုလိုက် ကွဲလို့…။

သင်္ကေတ မပီပြင်တဲ့အရပ်
သီကျူးခဲ့တဲ့ နွေသံစဉ်တွေက
မာယာတေးသွားတွေ ကြားမှာ
လွင့်ပါး ပျောက်ကွယ်ခဲ့ရ ။

ရှင်သန်နေတဲ့ ဘဝတောင်
ပညာရေး ကျန်းမာရေးနဲ့
မြေနီလမ်းကို မိတ်ကပ်လိမ်းပေးမယ်ဆိုပြီး
ငါတို့လိပ်ပြာတွေ လွင့်ကုန်ပြန်ရော…။

တစ်နေရာစီ…
တစ်လမ်းစီ…
မာန်ဖီမျက်ဝန်းတွေနဲ့
ငါတို့ချည်မျှင်တွေ ပြတ်ခဲ့
ငါတို့အမှတ်သညာတွေ ပျောက်ခဲ့ရပေါ့…။

ဘယ်မှာလဲ…
ငါတို့ဘဝ ရှင်သန်ရာ…
ငါတို့ဘဝ နားခိုရာ…
ငါတို့ဘဝ ကံကြမ္မာ…
ကမ္ဘာပေါ်မှာနေပြီး ကမ္ဘာရှိမနေမှတော့
ဘဝကို ဘဝနဲ့လဲတာ
ရုပ်ဝတ္ထုအတွက်လား…
ရွေးစရာလမ်း မရှိလို့လား…
အစွန်းတစ်ဖက်ရဲ့ တစ်နေရာမှာ
ငါတို့ရှိနေသေးတယ် သူငယ်ချင်း ။

အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်