Home သတင်း နှမ်းသီးနှံ‌ပေါ်ချိန် ယခင်နှစ်ထက် ‌ဈေးနှုန်း ၂ဝ,ဝဝဝ ‌ကျော်အထိ ကျဆင်းလာ

နှမ်းသီးနှံ‌ပေါ်ချိန် ယခင်နှစ်ထက် ‌ဈေးနှုန်း ၂ဝ,ဝဝဝ ‌ကျော်အထိ ကျဆင်းလာ

2148

ဒီဇင်ဘာ ၁၁ ရက်၊ ၂ဝ၂ဝ ပြည့်နှစ် ။‌စောမြတ်ဦးသာ

ယခုလ နှမ်းသီးနှံ‌ပေါ်သည့် ရာသီကာလတွင် နှမ်း ၁ တင်းကို ယခင်နှစ်ထက် ‌ဈေးနှုန်း ၂ဝ,ဝဝဝ ‌ကျော်အထိ ‌ဈေးနှုန်းကျဆင်းသွားသည်ဟု နှမ်းဝယ်‌ရောင်းသမားများထံမှ သိရသည်။

ဒီဇင်ဘာလ ပထမအပတ်မှစပြီး ‌တောင်သူအများစုမှာ ‌တောင်ယာနှမ်းနှင့် လယ်ယာနှမ်းများကို စတင်ရိပ်သိမ်းသည့်ကာလဖြစ်ပြီး နှမ်းသီးနှံထွက်ချိန် ‌ဈေးနှုန်းကျဆင်းသွားသည့်အတွက် တွက်‌ခြေမကိုက်ကြဟု ကြာအင်းဆိပ်ကြီးမြို့နယ် နှမ်းစိုက်‌တောင်သူ ဦး‌အောင်လိက ဒီဇင်ဘာ ၁ဝရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ ဒီနှစ် နှမ်းသိပ်မထွက်ဘူး။ ရာသီဥတု‌ကြောင့်လား‌တော့ မသိဘူး‌ပေါ့‌နော်။ ၆ ပတ်လုံးလို့‌ခေါ်ကြတဲ့ နှမ်းပဲ စိုက်ဖြစ်တယ်။ အသီး‌တွေ သိပ်မ‌အောင်ဘူး။ မနှစ်က တင်း ၂ဝ ‌လောက်ရတယ်။ နှမ်း ၁ တင်းကို ၄ ‌သောင်း‌ကျော် ‌ဈေးရခဲ့တယ်။ ဒီနှစ်‌တော့ ‌ဈေးမ‌ကောင်းတာနဲ့ ကုန်ကျမှုတွ မကိုက်ဘူး။ နှမ်းစိုက်ခင်းမှာ စပါးပြန်စိုက်ပြီး ကုန်ကျထားမှု‌တွေ ပြန်လိုက်ရမယ်” ဟု ‌ပြော သည်။

ယခင်နှစ် လယ်နှမ်း(စမှုံကြီး) ၁ တင်းကို ၇၈,ဝဝဝ ကျပ်မှ ယခု ၅၅,ဝဝဝ ကျပ်၊ ‌တောင်ယာနှမ်းအမဲ ၁ တင်းကို ၇၈,ဝဝဝ ကျပ်မှ ၆၅,ဝဝဝ ကျပ်၊ ‌ခြောက်လုံးပတ်နှမ်း‌ခေါ်သည့် ညို၊ နီ၊ ကျားအမျိုးအစားများတွင် ယခင် ၆၆,ဝဝဝ ကျပ်မှ ၄၃,ဝဝဝ ဝန်းကျင်သာ ‌ဈေးနှုန်းရှိပြီး နှမ်းအမျိုးအစားအလိုက် ‌ဈေးနှုန်း နှစ်‌သောင်းနီးပါးအထိ ကျဆင်းသွား‌ကြောင်း နှမ်းအဝယ်ဒိုင်များက ‌ပြောသည်။

“ရန်ကုန်ကို ပို့‌ဆောင်ရတဲ့အခါမှာ ကိုဗစ်‌ကြောင့် သွားလာမှုအချိန်ကြာတာ‌တွေ စက်ရုံ‌တွေ လုပ်ငန်းပြန်လည်ပတ်ဖို့ လုပ်သား‌တွေ အဆင်သင့်မဖြစ်‌သေးတာ လုပ်ငန်းအ‌သေး‌တွေမှာ ရှိတဲ့လူအားနဲ့ လည်ပတ်‌နေရတာ ရှိတယ်။ နယ်စပ်ဝယ်လိုအား‌တွေမှာ ကိုဗစ်‌ကြောင့် သွားလာ‌ရေးခက်ခဲတာ၊ ဝယ်လိုအား‌တွေ မညီမျှတာ‌တွေရှိတယ်။ အဲဒါ‌ကြောင့်လည်း အရင်နှစ်ကထက် ၂ ‌သောင်း‌လောက် ‌ဈေးခြားသွားတယ်” ဟု ‌ကော့ကရိတ်ခရိုင်မှ နှမ်းအဝယ်ဒိုင် ဦး‌အောင်မြင့်က ဒီဇင်ဘာ ၁ဝ ရက်‌နေ့တွင် ‌ပြောသည်။

ထိုင်း၊ တရုတ်၊ ကိုရီးယား၊ စကင်္ာပူနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင်လည်း မြန်မာနှမ်းသီးနှံများကို တိုက်ရိုက်‌သော်လည်း‌ကောင်း တစ်ဆင့်‌ဈေးကွက်ဖြင့်‌သော်လည်း‌ကောင်း အသီးသီးဝယ်ယူကြပြီး စားသုံးကုန်လုပ်ငန်းများတွင် အသုံးပြုကြသည်ဟု နှမ်း‌ရောင်းဝယ်သူများထံမှ သိရသည်။