Home သတင်း ‌ရေအ‌ရောင်‌ပြောင်းလဲမှုတွင် အန္တရာယ်ပြု‌စေသည့် ဓာတုဓာတ် မပါဝင်ဟု ပြည်နယ်အစိုးရ ရှင်းလင်း‌ပြောဆို

‌ရေအ‌ရောင်‌ပြောင်းလဲမှုတွင် အန္တရာယ်ပြု‌စေသည့် ဓာတုဓာတ် မပါဝင်ဟု ပြည်နယ်အစိုးရ ရှင်းလင်း‌ပြောဆို

2339

ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် သံလွင်မြစ်အ‌နောက်ဘက်ကမ်းတွင် ‌ရေအ‌ရောင်‌ပြောင်းလဲမှုရှိသည့် အင်း‌ရေနှင့် တွင်း‌ရေများသည် လူကို အန္တရာယ်ပြု‌စေပြီး ကျန်းမာ‌ရေးကို ထိခိုက်‌စေသည့် ဓာတုဓာတ် မပါဝင်‌ကြောင်း ဖားအံမြို့နယ်၊ ပန်းကုန်း‌ကျေး ရွာအုပ်စုရှိ ‌ကော့ပတိုင်ရွာ၊ အလက‌ကျောင်းခန်းမတွင် ဒီဇင်ဘာလ ၂၆ရက်‌နေ့က ပြုလုပ်ခဲ့သည့် ပြည်နယ်အစိုးရ၏ အသိ‌ပေး ရှင်းလင်း‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ‌ပြောသည်။

ပြည်နယ်လူမှု‌ရေးဝန်ကြီး ‌စောဘိုဘို‌ဝေ‌မောင်က “လက်ရှိအ‌ဖြေအရနဲ့ ဆန်းစစ်ချက်‌တွေအရ ‌ကျောက်မီး‌သွေးနဲ့ ဆက် စပ်မှု မရှိဘူးလို့ အ‌ဖြေထွက်တယ်။ လက်ရှိပါဝင်တဲ့ Chemical အရလည်း WHO(ကမာ္ဘ့ကျန်းမာ‌ရေးအဖွဲ့) သတ်မှတ် ချက်နဲ့လည်း အားလုံးညီတယ်။ တစ်ခုပဲ၊ ‌ရေတစ်တွင်းမှာ တွင်း‌ရေပမာဏက နည်း‌တော့ PH အဆင့် နည်းနည်းကျ တယ်။ ဒါ‌ပေမယ့် ကျတာကလည်း သံလွင်အ‌ရှေ့ဘက်ခြမ်းမှာလည်း အဲဒီပမာဏပဲ။ ပြီး‌တော့ ရှင်းပြတဲ့အထဲမှာ ဂျပန် ပညာရှင်တစ်‌ယောက်ရဲ့ ‌တွေ့ရှိချက်အ‌ဖြေအရ လူထုကျန်းမာ‌ရေး ထိခိုက်မှုမရှိဘူးလို့ အ‌ဖြေထွက်ထားတယ်။”ဟု ရှင်း လင်းပွဲတွင် ‌ပြောဆိုသွားခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌စောဘိုဘို‌ဝေ‌မောင်၊ ပြည်နယ်စီမံကိန်း ဘဏ္ဍာ‌ရေးနှင့် စည်ပင် သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ အ‌ထွေ ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင်၊ ‌ဒေသခံအဖြစ် ကရင်ပါတီဝင် နန်း‌စေးအွာ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့်အတူ ရွာသူရွာသားများ တက်‌ရောက်ခဲ့ကြသည်။

‌ရေအ‌ရောင်‌ပြောင်းသည့်ကိစ္စ ‌လေ့လာဆန်းစစ်ထားသည့်အ‌ဖြေကို ‌ဒေသခံလူထု လက်ခံသွားနိုင်သည်အထိ မကြာခဏ စစ်‌ဆေးသွားမည်ဖြစ်သလို ဘိလပ်‌မြေစက်ရုံမှ ‌ကျောက်မီး‌သွေးများ လက်ရှိသို‌လှောင်‌နေသည့်စနစ်‌ကြောင့် ‌ဒေသခံများ စိုးရိမ်လျက်ရှိသည့်အတွက် ဘိလပ်‌မြေစက်ရုံ တာဝန်ရှိသူထံ ပြန်လည်တင်ပြမည်ဖြစ်‌ကြောင်းလည်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက ‌ပြောသည်။

ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန၊ ဖားအံခရိုင် လက်‌ထောက်ညွန်ကြား‌ရေးမှူး ဦး‌ကျော်ဆန်းက ပြည်နယ်အစိုးရ ဘက်က စစ်‌ဆေးထားသည့် ‌ရေတွင်းအချို့သည် ကမာ္ဘ့ကျန်းမာ‌ရေးအဖွဲ့၏ စံချိန်စံညွန်းနှင့် သတ်မှတ်စံနှုန်းအတွင်းသာ တည်ရှိပြီး ‌ရေတွင်းတစ်တွင်းသာ ‌ရေ၏ PH သတ်မှတ်ချက်အဆင့် ‌အောက်အနည်းငယ်ရှိသည့်အတွက် လူကိုအန္တရာယ် မရှိနိုင်‌ကြောင်း၊ ‌ဒေသ၏ အင်းအိုင်အ‌နေအထားနှင့် ‌ရေအ‌ရောင်‌ပြောင်းလဲသည့်အ‌နေအထားသည် ရာသီဥတု‌ကြောင့် သစ်‌ဆွေး‌မြေ၏ ဖြစ်‌ပေါ်‌ပြောင်းလဲတတ်သည့် အချက်များနှင့် နှိုင်းယှဉ်သုံးသပ်ကြည့်ပါက တူညီ‌ကြောင်း ၎င်းတို့၏‌လေ့ လာ‌တွေ့ရှိထားသည့် အ‌ခြေအ‌နေများကို ‌ကျေးရွာသူ ‌ကျေးရွာသားများအား ရှင်းပြခဲ့သည်။

ထို့အပြင် ‌ရေတွင်းကုန်း‌ကျေးရွာ၊ နတ်ကုန်း‌ကျေးရွာအနီးရှိ အင်းအချို့၏ ‌ရေနှင့် ဘိလပ်‌မြေစက်ရုံအနီးရှိ ကန်‌ရေကို ‌သောက်‌ရေသန့်၏ စံသတ်မှတ်ချက်နှင့် နှိုင်းယှဉ်စစ်‌ဆေးရာတွင် ‌ရေ၏အ‌ရောင်၊ ‌နောက်ကျိမှု၊ သံဓာတ်များမှာ စံသတ် မှတ်ချက်‌ကျော်လွန်သည်ကို ‌တွေ့ရှိ‌နေရသလို တွင်း‌ရေအချို့၌လည်း ‌ရေ၏ ချဉ်ဖန်ဓာတ်မှာ စံသတ်မှတ်ချက်‌အောက် ‌လျော့နည်းသည်ကို‌တွေ့ရှိရ‌ကြောင်း ဦး‌ကျော်ဆန်း၏ ရှင်းပြချက်အရ သိရသည်။

ငှက်‌ပျော‌တော‌ကျေးရွာမှ ‌စောစိန်မြင့်‌အောင်က “ဒီ‌ရေဟာ အန္တရာယ်မရှိဘူး။ သုံးလို့ရတယ်လို့ သူတို့‌ပြောတယ်။ ဒါ‌ပေ မယ့် ‌သောက်တာက‌တော့ သူတို့လည်း အပြည့်အဝ အာမ မခံရဲဘူး‌လေ။ သူတို့‌ပြောတာက ဖားအံမှာလည်း ‌ရေတွင်းရှိ တယ်။ ‌ရေသန့်ပဲ ဝယ်‌သောက်‌နေတာပဲ ‌ပြောတယ်။ ပြီး‌တော့ ဒီ‌ရေက မ‌ပြောင်းလဲဘူး။ ပုံမှန်အတိုင်းပဲ‌ပြောလည်း ကျ‌နော်တို့က ဒီ‌ရေကို ‌နေ့တိုင်းမြင်တယ်ဆို‌တော့ ‌ရေက ‌ပြောင်းတယ်။ အရင်လို မဖြစ်လာ‌သေးဘူး။ ပုံမှန်ဖြစ်ရင်‌တော့ ‌သောက်ရဲတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်အစိုးရ၏ လူထုရှင်းလင်းပွဲတွင် အဆိုပါ‌ရေများသည် WHO ၏ စံသတ်မှတ်ချက်အရ အန္တရာယ်မရှိ ‌သောက်သုံး နိုင်‌ကြောင်း ‌ပြောဆို‌သော်လည်း အရပ်ဖက်အဖွဲ့အချို့၏ စစ်‌ဆေး‌တွေ့ရှိထားသည့် တွင်း‌ရေအချို့မှာ WHO စံနှုန်းအရ ‌သောက်သုံးရန်မသင့်‌ကြောင်း အရပ်ဖက်အဖွဲ့ဘက်မှလည်း ပြီးခဲ့သည့်‌အောက်တိုဘာလက ရှင်းလင်းထားချက် ရှိသည်။

ပြည်နယ်အစိုးရအ‌နေဖြင့် ဒီဇင်ဘာ ၂၆ရက်‌နေ့တွင် ရှင်းပြခဲ့သည့် စစ်‌ဆေးချက်အ‌ဖြေများမှာ ၂၀၁၉၊ ‌အောက်တိုဘာလ က ‌ရေစတင် အမည်း‌ရောင်‌ပြောင်းကာ ငါးများ ‌သေ‌ကြေချိန်က စစ်‌ဆေးထားချက်များဖြစ်ပြီး ၂၀၂၀၊ ဒီဇင်ဘာလ ၄ရက် ‌နေ့က ပြည်နယ်အစိုးရ သွား‌ရောက်စစ်တမ်းယူခဲ့သည့် အ‌ဖြေရလဒ်ကို ထို‌နေ့တွင် တရားဝင်ရှင်းပြသွားခြင်းမရှိ‌ကြောင်း ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့(Karen River Watch-KRW)မှ ‌စောဟဲ‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုလို လာရှင်းပြသွားတဲ့ ‌ဒေတာအချက်အလက်‌တွေက အခု လက်ရှိအ‌ခြေအ‌နေနဲ့ဆို ဘယ်‌လောက်အထိ မှန်ကန်သ လဲဆိုတာ ကျ‌နော်တို့အ‌နေနဲ့ ‌မေးခွန်းထုတ်စရာဖြစ်တယ်‌ပေါ့‌နော်။ ‌နောက်ပြီး‌တော့ ‌ဒေသခံ‌တွေက သူတို့ခံစားရတာ ‌တွေကို ‌ဖေ့စ်ဘွတ်‌ပေါ် မတင်ဖို့၊ အကယ်၍ တင်မယ်ဆိုရင် ဥပ‌ဒေ‌ကြောင်းအရ အ‌ရေးယူမယ်ဆိုတဲ့ ကိစ္စမျိုး စည်ပင်ဝန် ကြီးက ‌ပြောဆိုရှင်းပြသွားတာမျိုး ‌တွေ့ရတယ်။ တကယ်ဆို ဒါက လွတ်လပ်စွာ ‌ပြောဆိုပိုင်ခွင့်ကို ခြိမ်း‌ခြောက်တဲ့ပုံစံ မျိုး ကျ‌နော်တို့ ‌တွေ့ရ‌ပေါ့‌နော်။”ဟု ‌စောဟဲ‌စေးက ‌ပြောသည်။

‌ရေအ‌ရောင်‌ပြောင်းခြင်းကိစ္စနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့များထဲက MATA(ကရင်ပြည်နယ်)နှင့် စိမ်းလန်းအမိ‌မြေအ ဖွဲ့တို့က ၂၀၂၀၊ ဩဂုတ်လတွင် ပြည်နယ်အစိုးရထံ တရားဝင်စာတင်ပြခဲ့‌သော်လည်း ကဏ္ဍအလိုက်‌ဆောင်ရွက်ပြီး‌သော လုပ်ငန်းများဖြစ်‌ကြောင်းနှင့် အရပ်ဖက်အဖွဲ့များအ‌နေဖြင့် သု‌တေသနလုပ်‌ဆောင်ရန်မလိုအပ်‌ကြောင်း၊ လုပ်‌ဆောင် မည်ဆိုပါက အ‌ရေးယူမည်ဟု အစိုးရက တရားဝင် အ‌ကြောင်းပြန်ကြားခဲ့သည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

သို့‌သော် ဒီဇင်ဘာလ ၂၆ရက် ရှင်းလင်း‌ဆွေး‌နွေးပွဲတွင် ပြည်နယ်လူမှု‌ရေးဝန်ကြီးက အခြားအရပ်ဖက်အဖွဲ့အစည်းများ နှင့် အတူတကွ လုပ်‌ဆောင်ရန် ကမ်းလှမ်းရန်နှင့် တရားဝင် ခွင့်‌တောင်းရန် ‌ပြောဆိုမှုမျိုးအ‌ပေါ် အရပ်ဖက်အဖွဲ့များက လည်း ထပ်မံ ကြိုးစား‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ‌စောဟဲ‌စေးက ဖြည့်စွက်‌ပြောဆိုသည်။

၎င်းက “ဒီဟာက လုပ်ကိုလုပ်ရမယ့်ကဏ္ဍ ဖြစ်‌နေတာ‌ပေါ့။ အဲဒီ‌တော့ ကျ‌နော်တို့ထပ်ပြီး‌တော့ စာတင်မယ်။ စာတင်မှာ ကလည်း ကျ‌နော်တို့ချည်းပဲ လုပ်မှာမဟုတ်ဘဲနဲ့။ အစိုးရရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့၊ တခြား‌သော ပါဝင် သင့်တဲ့ဌာန‌တွေလည်း အတူတကွ လုပ်‌ဆောင်ဖို့ ဖြစ်ပါတယ်။”ဟု ‌ပြောသည်။

၎င်း‌ဒေသရှိ ‌ရေများကို ‌လေ့လာဆန်းစစ်သည့်‌နေရာနှင့် အချိန်ကွဲပြားသဖြင့် တူညီသည့်အ‌ဖြေ မထွက်ရှိသည့်အတွက် တိကျမှန်ကန်သည့်အ‌ဖြေရရန် အစိုးရနှင့် အချိန်ယူ ပူး‌ပေါင်းလုပ်‌ဆောင်ရန် လိုအပ်‌ကြောင်းလည်း အရပ်ဖက်အဖွဲ့များ က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ‌တောင်းဆိုထားခြင်းများ ရှိခဲ့သည်။