အောက်တိုဘာ ၂၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသအကြီးအတွင်း ကရင်နိုင်ငံရေးပါတီများကို အားပေးဝန်းရံ လှည့်လည်ပွဲများ ဆက်တိုက် ပြုလုပ်နေပြီး အနှောင့်အယှက်ခံရမှု အနည်းငယ်သာရှိခဲ့ကာ အများစုမှာ အေးအေးချမ်းချမ်းဖြင့် ပြုလုပ်နိုင်ခဲ့ကြောင်း ဝန်းရံ ကရင်လူ ငယ်များက ကေအိုင်စီသို့ ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ယခုလအတွင်း ကရင်ပါတီများကို အားပေးဝန်းရံ လှည့်လည်မှုများ ကျေးရွာအလိုက်၊ ကုန်းလမ်း၊ ရေးလမ်း များ၌ မကြာခဏ ပြုလုပ်ခဲ့သလို အောက်တိုဘာ ၂၇ ရက်နေ့တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လှည့်လည်အင်အားပြပွဲကို ဝန်းရံသူများက ပြုလုပ်ခဲ့ကြသည်။
အလားတူ မြောင်းမြမြို့နယ်တွင်လည်း ကရင်ပြည်သူ့ပါတီကို အားပေးဝန်းရံလှည့်လည်ပွဲကို အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ မြောင်းမြမြို့ ကရင်ပြည်သူ့ပါတီကို ဝန်းရံလှည့်လည်ပွဲသည်လည်း အေးအေး ချမ်းချမ်းပြီးဆုံးခဲ့သလို မြောင်းမြမြို့ပေါ်ရှိ ဆိုင်အချို့က အချိုရည်၊ အအေး၊ ရေသန့်ဗူးများပေးဝေမှုရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဧရာဝတီရှိ ကရင်လူငယ်များ ဦးဆောင်ကာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပုသိမ်၊ ကန်ကြီးထောင့်၊ ဟသင်္ာတ၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုန်း မြို့နယ်များက ကရင်ပါတီများကို အားပေးဝန်းရံ လှည့်လည်ပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ကောင်းမွန်စွာ ပြီးစီးခဲ့သည်ဟု ဝန်းရံလူငယ်တစ်ဦးဖြစ်သူ စခန့်တုံက ကေအိုင်စီသို့ ပြော သည်။
၎င်းက “ ကျနော်တို့ စုပေါင်းလှည့်လည်ပွဲလုပ်တော့ ကန်ကြီးထောင့်လမ်းဆုံမှာ မေးတယ်၊ ဘယ်သူဦးဆောင်တာလဲတဲ့ ကျနော်တို့က ဦးဆောင်သူတော့ မရှိဘူး။ ဒီလိုပဲလာဝန်းရံတာလို့ ပြောပြတယ်။ မနေ့က ဆုံရပ်အနေနဲ့ ကန်ကြီးထောင့်-မြောင်းမြလမ်းဆုံမှာ လုပ်ထားတယ်။ ဆုံရပ်လုပ်ထားတဲ့ ကွင်းထဲမှာ ကားတွေဝင်လို့မရတော့ တချို့က အပြင်မှာပဲ နေကြတယ်” ဟု စခန့်တုံက ပြောသည်။
အလားတူ ဝါးခယ်မ မြို့နယ်တွင် ကရင်အမျိုးသားပါတီကို ဝန်းရံသူများက ရေကြောင်းခရီး လှည့်လည်ပွဲကို အောက်တိုဘာ ၁၆ရက်နှင့် ၁၇ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပြီး စက်လှေအစီး ၃၀ဝ ခန့်အထိ ပူးပေါင်းပါဝင်ခဲ့ကာ အနှောင့်အယှက် ပြုသည့်သဘောမျိုးအနည်းငယ် ကြုံတွေ့ခဲ့ရသည်ဟု ဝန်းရံပွဲတွင် ပါဝင်သူများ ကေအိုင်စီသို့ ပြောသည်။
“ ရေကြောင်းခရီး ဝန်းရံလှည့်လည်ပွဲမှာ စက်လှေတွေနဲ့ ထွက်တော့ လမ်းကနေ လိုက်လာတဲ့ စက်လှေတစီးက တခြား ပါတီ သီးချင်းတွေဖွင့်တာရှိတယ်။ တားလို့လည်း မရဘူး။ ဝင်နှောင့်ယှက်တဲ့ သဘောမျိုးပေါ့၊ ဘယ်သူ တွေလည်း ဆိုတာ လိုက်လို့လည်း မရဘူး ဖြစ်သွားတယ်။ စက်လှေတွေက လမ်းကရွာတွေကနေ ထွက်လိုက် လာတာလည်းရှိပြီး အစီး ၃၀ဝ လောက်ရှိတော့ ဘယ်သူတွေဆိုတာတော့ မသိလိုက်ရဘူး”ဟု ဝါးခယ်မမြို့ နယ် ကရင်အမျိုးသားပါတီ ဥက္ကဋ္ဌ မန်းမျိုးလွင်က ကေအိုင်စီသို့ ပြောသည်။
ယခုလို အခြေအနေများကြောင့် ဝါးခယ်မတွင် ဝန်းရံလှည့်လည်ပွဲများ ပြုလုပ်လိုသော်လည်း မိမိတို့ တားဆီးမှု လုံးလုံးမလုပ်ချင်သော်လည်း အတတ်နိုင်ဆုံးမပြုလုပ်ရန် မေတ္တာရပ်ခံမှုများ ပြုလုပ်ထားသည်ဟု ကရင်အမျိုးသား ပါတီ တာဝန်ရှိသူများထံမှ သိရသည်။