Home သတင်း Border Pass ကိုင်‌ဆောင်လုပ်ကိုင်သူများ အလုပ်လုပ်ခွင့် သက်တမ်းတိုးနိုင်

Border Pass ကိုင်‌ဆောင်လုပ်ကိုင်သူများ အလုပ်လုပ်ခွင့် သက်တမ်းတိုးနိုင်

2953

စက်တင်ဘာ ၁ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်များ၌ Border Pass လက်မှတ်ကိုင်‌ဆောင် အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအ‌နေဖြင့် ယခင်ဩဂုတ်လ ၁၇ရက်‌နေ့မှစ၍ အလုပ်လုပ်ကိုင်ခွင့် သက်တမ်း တိုးနိုင်ပြီးဖြစ်‌ကြောင်း ထိုင်းအစိုးရ၏ ‌ကြေညာချက်ကို ကိုးကား၍ အလုပ်သမား ‌ဆောင်ရွက်သူများက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ရက်‌နေ့မှစ၍ ‌အောက်တိုဘာလကုန်အထိ ‌နောက်ဆုံးထား၍ အလုပ်အကိုင်ရှာ‌ဖွေ ‌နေရာချထား ‌ရေးရုံးတွင် သွား‌ရောက်အလုပ်လုပ်ခွင့်လက်မှတ်‌လျှောက်ထားနိုင်ပြီးဖြစ်‌ကြောင်း မြန်မာပြည်သားများအ‌ရေး ပူးတွဲ လှုပ်ရှားမှု ‌ကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ‌ပြောသည်။

“ဒါက ကိုဗစ်အ‌ရေး‌ပေါ်ကာလ‌ကြောင့် သက်တမ်း မတိုးဖြစ်တဲ့ နယ်စပ်ဖြတ်‌ကျော် အလုပ်သမား သို့တည်းမဟုတ်ရင် ရာသီအလိုက် အလုပ်သမား‌တွေအတွက် သက်တမ်းတိုးဖို့ ‌ဆောင်ရွက်‌ပေးတာပါ။ ‌အောက်တိုဘာ ၃ဝရက်‌နေ့ ‌နောက်ဆုံး ထားပြီး‌တော့ အလုပ်ရှင်ကိုယ်တိုင်က သွား‌လျှောက်‌ပေးရမယ်။” ဟု‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် ကုန်ကျစရိတ်အ‌နေဖြင့် တစ်ကြိမ်လျှင် ထိုင်းဘတ်‌ငွေ ၃၂၅ဘတ် ကုန်ကျ မည်ဖြစ်ကာ တစ်ကြိမ်လျှင် သက်တမ်း ၃ လ ရရှိမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်‌နေ့ အထိ သက်တမ်း တိုးနိုင်မည်ဖြစ်သည်။

အလားတူ ထိုင်းအစိုးရ ‌ဆေးရုံများတွင် ကျန်းမာ‌ရေး ‌တောင်းခံစစ်‌ဆေးမှုကိုလည်း ဩဂုတ်လ ၁၇ရက်‌နေ့ကစပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ရက်‌နေ့အထိ တားမြစ်ထားသည့် ‌ရောဂါ (၆)မျိုး စစ်‌ဆေးခြင်းပြုလုပ်နိုင်ပြီး တစ်နှစ်တစ်ကြိမ် စစ်‌ဆေး ရမည်ဖြစ်ပြီး ကျန်းမာ‌ရေး အာမခံချက်အတွက် ၃လလျှင် ဘတ် ၅၀ဝ နှင့် ၂ နှစ်အတွက် ဘတ် ၃,၂၀ဝ ဘတ် ကုန်ကျမည်ဖြစ်သည်။

Border Pass လက်မှတ်ကို ထိုင်းနိုင်ငံ ဥပ‌ဒေ၏ အပိုဒ် ၆၄ အရ ထိုင်း-မြန်မာနယ်စပ် ဝင်‌ပေါက် ၃ခုဖြစ်‌သော မဲ‌ဆောက်-မြဝတီ၊ ‌ကော့‌သောင်း-ရ‌နှောင်း နှင့် တာချီလိတ်-မယ်ဆိုင် စသည့် နယ်စပ်‌ဒေသများတွင်သာ ကိုင်‌ဆောင် အလုပ်လုပ် ခွင့်ပြုထားပြီး အများစုမှာ အိမ်အကူနှင့် ‌တောင်ယာလုပ်ငန်း ၊ အလုပ်ကြမ်းလုပ်ကိုင်ခွင့်သာ ရရှိကြသည်။

လက်ရှိ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးမှုတွင် ထိုင်းနိုင်ငံအတွင်း ‌နေထိုင်၍ ထွက်ခွာမှု မရှိ‌သေး‌သော ‌ရွှေ့‌ပြောင်း အလုပ်သမားနှင့် နယ်စပ်‌ဒေသတစ်‌လျှောက် ‌နေထိုင်ခွင့်ရှိပြီး အလုပ်လုပ်ခွင့် သက်တမ်းတိုးခဲ့ဖူးသည့် ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက်သာဖြစ်‌ကြောင်း ထိုင်းအစိုးရ၏ ‌ကြေညာချက်၌ ဆိုထားသည်။

အလားတူ လတ်တ‌လောတွင်လည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်‌ရောဂါ ကူးစက်မှုနှုန်း မြှင့်မားလာမှု‌ကြောင့် ထိုင်းအစိုးရအ‌နေဖြင့် နှစ်နိုင်ငံ နယ်စပ်တစ်‌လျှောက်တွင် လုံခြုံ‌ရေး တိုးမြှင့်ချထားလျက်ရှိပြီး မြန်မာဘက်ခြမ်းမှ ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၁၀ဝ နီးပါး ဖမ်းဆီးရမိ‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများထံမှ သိရသည်။