စက်တင်ဘာ ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်းဝေဖြိုးဇာ
၂၀၁၈-၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရံပုုံငွေဖြင့် ကရင်ပြည်နယ်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဖွံ့ ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဆောင်ရွက်ခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်း ထက်ဝက်ကျော်ကို တင်ဒါခေါ်ယူခြင်း မရှိဘဲ လုပ်ဆောင်ခဲ့ကြောင်း ဒုတိယ အကြိမ် ကရင်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် အစည်းအဝေးသို ့ တင်သွင်းသည့် ပြည်နယ် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထောက်ပြထားသည်။
ငွေလုံးငွေရင်းနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများသည် တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ငန်း ၆၈ ခုတွင် တင်ဒါခေါ်သည့်လုပ်ငန်းအခု ၃ဝ သာရှိပြီး ကျန်ရှိသည့် လုပ်ငန်း ၃၈ ခု ကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ခွင့်ပြုခဲ့သည်ဟု စာရင်းစစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထိုသို ့တင်ဒါခေါ်ယူမှုမရှိဘဲ လုပ်ခွင့်ပေးသည့် လုပ်ငန်းများထဲတွင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအဖွဲ့အစည်း များက လုပ်ကိုင်သည့် လုပ်ငန်း ၃၁ ခု၊ ကျေးရွာကြီးကြပ်မှုကော်မတီဆောင်ရွက်သည့် လုပ်ငန်း ၅ ခု၊ ပြည် နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ကော်မတီက ၂ ခု ဆောင်ရွက်ခွင့်ပေးထားခဲ့ခြင်းရှိကြောင်း စက်တင်ဘာ ၂ ရက်နေ့တွင် ပြည်နယ်လွှတ်တော်သို ့တင်သွင်းသည့် စာရင်းစစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါလုပ်ငန်း ၆၈ ခုတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားလုပ်ငန်း အများဆုံးပါဝင်ပြီး စုစုပေါင်း ကျပ်သန်းလေးထောင်ကျော် (၄၂၂၂.၄၈၃ သန်း) သုံးစွဲထားကာ နယ်မြေအေးချမ်းလာသည့် လှှိုင်းဘွဲ၊ ကော့က ရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ စသည့် မြို့နယ်များတွင် အများဆုံးဖြစ်သည်ဟု ကရင်ပြည်နယ် စာရင်းစစ်ချုပ် စောလှထွန်းက ကေအိုင်စီသို့ပြောသည်။
“လမ်း၊ တံတားပိုင်းတွေမှာ မြေပြင်ကွင်းဆင်း Survey လုပ်ငန်းအကြိုဆောင်ရွက်မှုအားနည်းတာပေါ့၊ ဥပမာ ပေတစ်ထောင် လောက်ဆွဲထားရင် ပေ ၅၀ဝပဲ လုပ်တာ တွေရှိတယ်။ အဲဒါမျိုးတွေက သူတို့မလုပ်ခင် အင်ဂျင်နီ ယာ နဲ ့လုပ်ငန်းအကြို Survey ဆင်းဖို့လိုတယ်။ ဆင်းသင့်တယ် ။ အဲလိုလုပ်မယ်ဆိုရင် ဒီလောက်ထိ ကွဲလွဲ စရာ အကြောင်းမရှိဘူး။ မဆင်းကြည့်ရင် လုပ်ငန်းက ဒီလိုပဲပြီးသွားမယ်။ လုပ်ငန်းကို သေချာစိစစ် ဆောင်ရွက်ဖို့ အကြံပြုထားတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
ထိုသို ့တင်ဒါ မခေါ်ယူဘဲ လုပ်ဆောင်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကွဲလွဲ မှုများ တွေ့ရှိရကြောင်း ပြည်နယ် စာရင်းစစ်ချုပ်က လွှတ်တော်တွင် စက်တင်ဘာ ၂ ရက်နေ့တွင် ရှင်းလင်း တင်ပြခဲ့သည်။
ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာန ဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအပိုင်းသည် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းနယ်မြေအတွင်း ဖြစ်သည့်အတွက် အချို့သောတိုင်းရင်းသား လက်နက်ကိုင် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးလိုက်ရသည့် အခြေအနေများရှိကြောင်း သံတောင်ကြီးမြို ့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နော်ခရစ္စထွန်းက ကေအိုင်စီသို ့ပြောသည်။
“ နတလက နယ်နိမိတ်ထိစပ်တဲ့ဒေသမှာ ဖွံ့ဖြိုးရေးလုပ်ဖို့ ဦးတည်တာ။ နယ်စပ်ဒေသမှာလည်း တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများတယ်ဆိုတော့ လက်နက်ကိုင်အဖွဲ့ခွင့်မပြုရင် တချို့သူတို့လည်း လုပ်လို့ မရဘူး။ လက်နက်ကိုင်တွေကလည်း နတလ လုပ်မယ်ဆိုရင် စိုးရိမ်တာတွေရှိတယ်။ အဲဒါကြောင့် တချို့သက်ဆိုင်ရာ ဒေသရဲ့အဖွဲ့အစည်းကုမ္ပဏီကပဲ လုပ်ခွင့်ပေးလိုက်တာတွေရှိမှာပေါ့။ ကျမတို့ သံတောင် မြောက်ဘက်ခြမ်း မှာတော့ နတလ လုပ်ငန်းအရမ်းနည်းတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ခွင့်မပြုဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လှိုင်းဘွဲ မြို ့နယ်တွင် နတလက လမ်း၊ တံတား လာရောက်ဆောက်လုပ်ခြင်းများရှိသော်လည်း သတ်မှတ်စံချိန် မှီမမှီကို မသိသလို မည်သည့် ကုမ္ပဏီက လာရောက်လုပ်ဆောင်ခြင်းဖြစ်သည်ကိုလည်း မသိရကြောင်း၊ လမ်း အများစုမှာ ပျက်စီးမြန်သည်များလည်းရှိသည်ဟု လှိုင်းဘွဲ ဒေသခံစောဖိုးစောကဲက ကေအို်င်စီသို ့ ပြောသည်။
ထို့အပြင် နတလက ဖောက်လုပ်သည့် လမ်းသည် စစ်ရေးအတွက် ရည်ရွယ်မှုများရှိနိုင်သည်ဟု တချို့ဒေသများ တွင် စိုးရိမ်မှုများရှိကြောင်း ဒေသခံများက ကေအိုင်စီသို ့ပြောသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများထဲတွင် လမ်း၊ တံတား ဆောက်လုပ်ရေးလုပ်ငန်းများအပြင် အိမ်ရာဆောက်လုပ်ခြင်း၊ သောက်သုံးရေရရှိ ရေးလုပ်ငန်း များလည်း ပါဝင်ကြောင်း သိရသည်။



















