ဩဂုတ် ၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်(ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင် မြို့နယ်) တွင် တပ်မတော် ပြန်လည်ရုပ်သိမ်းပေးရေးအတွက် ယနေ့ (ဩဂုတ် ၆ရက်) နံနက်က ပြုလုပ်သည့် ဒေသခံများ ဆန္ဒထုတ် ဖော်မှုတွင် ဦးဆောင်သူ ၂ ဦးကို ရွှေကျင်မြို့နယ် ရဲစခန်းက ခေါ်ဆောင်သွားသည်ဟု သိရသည်။
ယနေ့ နံနက်တွင် ရွှေကျင်မြို့နယ်ရှိ ကျေးရွာ ၁၆ ရွာမှ လူဦးရေ ၂၀ဝ ဦးကျော်သည် နော်မုနော် ပစ်သတ်ခံရမှု တရားမျှတ မှုရရှိစေရေးနှင့် လူမှုဘဝလုံခြုံရန် တပ်မတော်ပြန်ရုပ်သိမ်းရေးအတွက် စလူးချောင်းကျေးရွာတွင် စတင် ချီတက် ဆန္ဒထုတ်ဖော်ကြပြီး ဒုံစယစ် ၊ ကျို့ချောင်းနှင့် ကွင်းဆိပ် စသည့် ၄ နေရာတွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားကာ ကျို့ချောင်း နေရာရောက်ရှိချိန် မွန်းလွဲ ၂ နာရီခန့်တွင် ဦးဆောင်သူ စောအယ်စတားနှင့် စောကြည်ဝင်း နှစ်ဦးကို ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ စောအယ်စတားက “သူတို့တားရဲ့သားနဲ့ ကျနော်တို့ လုပ်နေတယ် ဆိုပြီး ပုဒ်မ ၁၉ အရ ထောင်ဒဏ် ၃လနဲ့ ငွေဒဏ် ၃သောင်း ချနိုင်တယ်လို့ စခန်းမှူးက ကျနော်တို့ကို အဲလိုပြောတာပါ။ ကျနော်တို့လုပ်တဲ့နေရာက နှစ်ဖက်အုပ် ချုပ်နယ် မြေဖြစ်တာကြောင့် KNU ရဲ့ စီမံခန့်ခွဲမှုလိုတယ်လို့ ကျနော်က ပြန်ပြောတယ်။ နှစ်ဦးနှစ်ဖက် စီမံမှုအောက်မှာပဲ ကျနော်တို့လိုက်နာမယ်လို့ အဲလိုပြန်ပြောတယ်။ မကြာခင် KNU ရွှေကျင်မြို့နယ် ရဲမှူးနဲ့ တရားသူကြီးတို့က ရဲစခန်းမှာ လာမယ်လို့ သိရတယ်။ အခု ကျနော်က လက်ရှိရဲစခန်းမှာ အဖမ်းခံနေရတယ်” ပြောသည်။
၎င်းအပြင် ယမန်နေ့ကလည်း ကျောက်ကြီးမြို့နယ်ရှိ ဒေသခံရွာသား ၈၀ဝ ခန့်သည် နေရာ ၂ နေရာခွဲ၍ နော်မုနော်နှင့် အခြားသူများကို သတ်ဖြတ်မှု (ပွင့်လင်းစွာအရေးယူပေးရေး)၊ တိုင်းရင်းသားဒေသတွင်း ထိုးစစ်ဆင်ခြင်းနှင့် သတ်ဖြတ်ခြင်း များ(ချက်ချင်းရပ်)၊ မြန်မာအစိုးရတပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ(ချက်ချင်းအရေးယူဆောင်ရွက်ပေး)၊ စိုးရိမ်မှုကင်း မဲ့သော လူမှုဘဝရပ်တည်နိုင်ဖို့ (အစိုးရရဲ့ ကတိကဝတ်များ ချက်ချင်းအကောင်အထည်ဖော်ပြ)၊ ပြည်သူ့ဘဝလုံခြုံမှုရရှိရေး (မြန်မာ့တပ်မတော်များ ဒေသအတွင်း ထွက်သွားပေး)စသည့် တောင်းဆိုချက်များဖြင့် ဆန္ဒထုတ်မှု ပြုလုပ်ခဲ့သေးသည်။
ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်နေ့ကလည်း နော်မုနော် ပစ်သတ်ခံရမှုဖြစ်စဉ်အပြင် ဖာပွန်ဒေသအတွင်း ဖြစ် ပွားခဲ့သည့် KNU သစ်တောဝန်ထမ်း ပစ်သတ်ခံရမှု၊ ဒေသခံခေါင်းဆောင်တစ်ဦးပစ်သတ်ခံရမှုနှင့် လက်နက်ကြီးများ ကျရောက်ထိမှန်ခံရသည့် ဒေသခံများအတွက် တရားမျှတမှုရရှိရေးအတွက် မူတရော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဒေသခံကျေးရွာသား ၁,၅၀ဝ ကျော်က တပ်မတော်စခန်း ၄ ခုရှေ့တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြသေးသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုလိုးထာကျေးရွာနေ အသက် (၄၀)နှစ်အရွယ် နော်မုနော်ကို ခိုးသွီးထာ (လှဂွန်းပျို) ကျေးရွာအခြေစိုက်စခန်း အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) လက် အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ-၄၀၉)မှ တပ်သားသန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့ နှစ်ဦးက ပစ်သတ်ပြီး လက်ဝတ်ရတနာများကို ချွတ်ယူသွားခဲ့ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ တပ်သားသန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့ ၂ဦးအား ဇူလိုင်လ ၂၉ရက်နေ့က စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ဇူလိုင်လ ၃၁ရက်က သတင်းထုတ်ပြန်ခဲ့သည်။