Home သတင်း ရန်ကုန် ကရင်အာဇာနည်‌နေ့ကို Covid-19 ကာလ သတ်မှတ်ချက်နှင့်အညီ ကျင်းပမည်

ရန်ကုန် ကရင်အာဇာနည်‌နေ့ကို Covid-19 ကာလ သတ်မှတ်ချက်နှင့်အညီ ကျင်းပမည်

2537

ဩဂုတ် ၁၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ကျ‌ရောက်မည့် နှစ် ၇ဝ ပြည့် ကရင်အာဇာနည်‌နေ့ကို Covid -19 ကာလ သတ်မှတ် ချက်များအပါအဝင် ကျန်းမာ‌ရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ အတိုင်း ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပသွားမည်ဟု ဦး‌ဆောင်သူ ကရင်လူငယ် များထံမှ သိရသည်။

ကရင်အာဇာနည်‌နေ့ကျင်းပနိုင်‌ရေးအတွက် ဩဂုတ်လ ၉ ရက်‌နေ့က ‌ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မူးရုံးထံ ကရင်လူငယ်တစ်ဦးမှ ဦး‌ဆောင်ကာ ငြိမ်းစုစီအ‌ကြောင်းကြား စာ‌ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် စသိန်း‌ဇော်မင်းက“၁ဝ ရက်‌နေ့က ကျ‌နော်တို့ပြန်ပြီး ညှိနိူင်းကြည့်‌တော့ တာဝန်ရှိသူ ‌တွေဘက်က ငြိမ်းစုစီနဲ့ ပတ်သက်လို့ သိပ်‌ပြောတာ မ‌တွေ့ရ‌တော့ဘဲ ကိုဗစ် အ‌ကြောင်းပဲ‌ဇောင်း ‌ပေး‌တော့တယ်။ ‌ပြောရရင်သူတို့က ခွင့်ပြုတာ‌တော့ မဟုတ်ဘူး။ ဒါ‌ပေမယ့် ကျ‌နော်တို့ကို အကြံပြု‌ပြောဆိုမူ‌လေး‌တွေ‌တော့ရှိ တယ်။ အဲဒီ‌တော့ ကျ‌နော်တို့ကလည်း ကိုဗစ် ကာလ သတ်မှတ်ချက်‌တွေ ကျန်းမာ‌ရေးဆိုင်ရာစည်းမျဉ်းစည်း‌တွေ အတိုင်းပဲ ဆက်လုပ်သွား မယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်အာဇာနည်‌နေ့ ကျင်းပ‌ရေး ငြိမ်းစုစီ တင်ပြအ‌ကြောင်းကြားမူများနှင့်ပတ်သက်ပြီး Covid -19 ကာလရက် တိုးမြှင့်သတ်မှတ်မူများအပြင် လူ ၁၅ ဦးထက်မပိုသည့် စု‌ဝေးမူမပြုလုပ်ရန် Covid-19 ကာကွယ်ထိန်းချုပ် ကုသ ‌ရေး အမျိုးသားအဆင့် ဗဟို‌ကော်မတီမှ အမိန့်ထုတ်ပြန် ထားမူများရှိသည့်အတွက် ငြိမ်းချမ်းစွာစု‌ဝေးခြင်းနှင့် ငြိမ်း ချမ်းစွာ ဆန္ဒထုတ်‌ဖော်ခြင်းမပြုရန် ‌ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မူးရုံးမှ ညှိနိူင်းအ‌ကြောင်းကြားစာပြန်လည် ‌ပေးပို့ခဲ့သည်ဟု သိရသည်။

ထိုသို့အ‌ကြောင်းပြန်ကြားမူများရှိသည့်အတွက် ရန်ကုန်ကရင်အာဇာနည်‌နေ့ကို လူ ၁၅ ဦးထက်မပို သည့်စုဖွဲ့ မူပုံစံများဖြင့် တစ်ဖွဲ့ချင်းစီအလိုက် ကျန်းမာ‌ရေးဆိုင်ရာ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဟု ဦး‌ဆောင်သူများထံမှ သိရသည်။

“ကျ‌နော်တို့ ပန်းခြံမှာ ၁၅ ‌ယောက်တစ်ဖွဲ့ချင်းစီလုပ်သွားမယ်။ သတ်မှတ်ထားတဲ့ အကွာအ‌ဝေး၊ နှာ‌ခေါင်းစည်း၊ လက်အိတ်၊ လက်‌ဆေးရည် စသည်ဖြင့် အပြည့်အစုံထားပြီး လုပ်သွားမယ်” ဟု စသိန်း‌ဇော်မင်းက ဆက်‌ပြော သည်။

ထို့အပြင် အ‌ခြေအ‌နေတစ်ခု‌ကြောင့် ယခင်ရည်ရွယ်ထားသည့် အချိန်ဖြစ်သည့် နံနက် ၉ နာရီမှ ည‌နေ ၄ နာရီအစား နံနက် ၈ နာရီမှ မွန်လွဲ ၂ နာရီသို့ ‌ပြောင်းလဲကျင်းပသွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။