Home သတင်း မိုင်း‌ဟောင်း‌ပေါက်ကွဲမှု‌ကြောင့် ဒဏ်ရာရ က‌လေးငယ် ၄ ဦးအနက် တစ်ဦးအား မဲ‌ဆောက်‌ဆေးရုံသို့ လွှဲ‌ပြောင်း

မိုင်း‌ဟောင်း‌ပေါက်ကွဲမှု‌ကြောင့် ဒဏ်ရာရ က‌လေးငယ် ၄ ဦးအနက် တစ်ဦးအား မဲ‌ဆောက်‌ဆေးရုံသို့ လွှဲ‌ပြောင်း

3463
Photo: Nay Naw

ဇူလိုင် ၂၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ထီးဝါ့က‌လေ့‌ကျေးရွာအုပ်စု၊ ‌သေ့ဝါးပူ‌ကျေးရွာ အပြင်ကွင်း၌ ယမန်‌နေ့ ဇူလိုင်လ ၂၁ ရက်‌နေ့က မိုင်း‌ဟောင်း တစ်လုံး‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ၄ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့် အ‌ခြေအ‌နေရှိ‌နေသည့်အတွက် မြဝတီ‌ဆေးရုံမှတစ်ဆင့် ထိုင်းနိုင်ငံ မဲ‌ဆောက်‌ဆေးရုံသို့ ယ‌နေ့ မွန်းလွဲပိုင်းတွင် လွှဲ‌ပြောင်းလိုက်ပြီဟု သိရသည်။

ယမန်‌နေ့၊ ‌နေ့လည် ၁၂ အချိန်ခန့်က အဆိုပါ က‌လေးငယ်များသည် ရွာထဲရှိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ စခန်း ‌ဟောင်း တစ်‌နေရာတွင် သွား‌ရောက်နွား‌ကျောင်း ‌နေစဉ် ၎င်းမိုင်း‌ဟောင်းကို ထိမိ‌ပေါက်ကွဲခဲ့သည့်အတွက် ‌စောဆာသူး‌လေ ၁၃ နှစ်၊ ‌စော‌ပေါ်ကူ ၁၂နှစ်၊ ‌စော‌မောင်ခန့် ၁၄နှစ် နှင့် ‌စော‌ကျော်ကလယ် ၁၃နှစ်တို့ ၄ ဦးမှာ ဒဏ်ရာအသီးသီးရရှိပြီး ထို‌နေ့တွင် မြဝတီ‌ဆေးရုံသို့ ပို့‌ဆောင်‌ဆေးကုသမှုခံယူ‌နေရခြင်းဖြစ်သည်။

ထိုအထဲတွင် ‌စောဆာသူး‌လေ ဆိုသူမှာ ယာဘက် လက်‌ကောက်ဝတ်ပြတ်ဒဏ်ရာ၊ မျက်လုံးဒဏ်ရာနှင့် ဦး‌ခေါင်း တွင် မိုင်းစထိမှန်ဒဏ်ရာတို့ဖြင့် စိုးရိမ်ရသည့် အ‌ခြေအ‌နေ‌ကြောင့် မဲ‌ဆောက်‌ဆေးရုံသို့ ထပ်မံ လွှဲ‌ပြောင်းကု သမှုခံယူရခြင်းဖြစ်သည်။

ထိုသို့ မိုင်း‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့‌သော က‌လေးငယ်များကို မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြဝတီ‌ရှေ့တန်ရုံး (ခလရ ၉၇)နှင့် နယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့တို့မှ ‌ထောက်ပံ့‌ငွေများ အသီးသီး‌ထောက်ပံ့ ‌ပေးအပ်ခဲ့သလို လူနာလွှဲ‌ပြောင်း‌ရေးအတွက် အစိုးရမဟုတ်‌သော အဖွဲ့အစည်းအချို့လည်း လိုက်ပါ ကူညီ‌ဆောင်ရွက်မှုများ ပြုလုပ်‌ပေးလျက်ရှိသည်။