(အယ်ဒီတာ့ အာဘော်)
ကရင်ပြည်နယ်အတွင်း ကျေးလက်ဒေသများ၌ လူငယ်၊ လူလတ်ပိုင်းမှစ၍ လူကြီးပိုင်းအထိ အလုပ်အကိုင်နှင့် ပတ် သက်လာလျှင် မကြာခဏ ကြားသိရသည့် စကားလုံးအချို့ ရှိသည်။ ယင်းမှာ “ဘန်ကောက် တက်မယ်”၊ “သူ့မိဘ တွေ ဘန်ကောက်မှာ”၊ “ဘန်ကောက်က ပြန်လာတယ်”ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်နယ်နှင့် ထိစပ်နေသည့် စီးပွားရေးဖွံ့ဖြိုးနေသော အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်မှု အခြေအနေကို ပြောဆိုကြခြင်းဖြစ်သည်။
ထိုင်းသို့အလုပ်သွားလုပ်ကိုင်နေမှု အခြေအနေကို ကြည့်မည်ဆိုလျှင် ၂၀၁၄ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်မှ သွားရောက်သူ ၃၀၄,၉၈ဝဦးရှိသည်။ ထိုအထဲတွင် ၁၆၀,၀၀ဝ (တစ်သိန်းခြောက်ထောင်)ကျော်မှာ ယောက်ျားလေးများ ဖြစ်သည်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း စီးပွားရေးကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရပြီး ထိုင်းနိုင်ငံတွင်လည်း အလုပ်လက်မဲ့ဦးရေ ဆယ်သန်းကျော် ရှိသွားပြီး ဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်းမှစ၍ ထိုင်းသို့ သွားရောက် အလုပ်လုပ်နေသူများသည် ပြည်နယ်အတွင်းသို့ တဖွဲဖွဲ ပြန်ဝင် လာနေကြသည်မှာ မေလပိုင်းအထိ ဖြစ်ရှိနေသည်။ သို့သော် ပြည်နယ်အတွင်းမှ လူသုံးသိန်းကျော် ထိုင်းသို့ သွား ရောက်အလုပ်လုပ်နေခဲ့ကြသော်လည်း ကမ္ဘာ့ကပ်ရောဂါ ပြဿနာကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ ကျဆင်းလာခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်မှာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည့်အတွက် အလုပ်သ မားဦးရေ ထက်ဝက်ကျော် ပြန်လာရဖွယ်ရှိနေသည်။
၎င်းအပြင် နေရပ်ပြန်လည်ရောက်ရှိသူ အများစုသည် ထိုင်းနိုင်ငံ၌ နှစ်ကာလ ကြာမြင့်စွာ အလုပ်လုပ်ခဲ့ရာ ရပ်ရွာအ တွင်း ရင်းနှီးလုပ်ကိုင်ရန်ထက် ထိုင်းနိုင်ငံသို့သာ ပြန်လည်သွားရောက်ကာ လုပ်ကိုင်လိုကြသည်။ သို့သော် ထိုင်းအ စိုးရ၏ ကပ်ရောဂါကာလ ညွှန်ကြားမှုများနှင့် ကန့်သတ်မှုများ အတိုင်းအတာတစ်ခုအထိ လျှော့ချလာသော်လည်း ရောဂါကူးစက်မှု တားဆီးချက်များမှာ တည်ရှိနေဆဲ ဖြစ်နေသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ထိုင်းနိုင်ငံ လုပ်အားခမှ ရရှိလာသော ဝင်ငွေများကို မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးနှင့် သားသမီးများ၏ ပညာရေးများကို ဖြေရှင်းပေးနေရသည်။ ယခုကဲ့သို့ ဇာတိမြေ ပြန်ရောက်ရှိလာချိန်၌ ၎င်းတို့၏ မိသားစုဝင်ငွေမှာ ရေတိုအချိန်၌ မသိ သာသေးသော်ငြား ရေရှည်ဘဝရပ်တည်ရေးမှာ ထင်သာမြင်သာစွာ ခက်ခဲလာမည့်အခြေအနေရှိသည်။
အဘယ်ကြောင့်ဆိုသော် နှစ်နိုင်ငံ ကူးသန်းသွားလာမှု ပိတ်ပင်ထားခြင်းကြောင့် လစဉ် ကျပ် ဘီလီလျံနှင့်ချီ၍ ဝင်ငွေ ဆုံးရှုံးသည့်အပြင် ထိုင်းတွင် အလုပ်သွားလုပ်သူတို့နှင့် ဆက်စပ်ကာ အသက်မွေးဝမ်းကျောင်းနေကြသည့် နယ်စပ်ရှိ နှစ်နိုင်ငံကူးသန်းကာ ခရီးသည်များနှင့် တနိုင်တပိုင်ကုန်ပစ္စည်းများ သယ်ယူနေကြသည့် နေ့တဓူဝ ဝမ်းစာရှာနေကြရ သူများလည်း အလုပ်ပါးကာ ဝင်ငွေလျော့နေကြသည်။
ဤအခြေအနေတွင် အစိုးရအနေဖြင့် ကိုဗစ်ကြောင့် ထိခိုက်မည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ကုစားရေး အစီ အစဉ်များ လုပ်ဆောင်နေသော်လည်း ပြည်နယ်များသို့ ဘတ်ဂျက်မည်မျှခွဲဝေပေးသွားမည်ကိုမူ တိတိကျကျမသိရ။ ပြည်နယ် အစိုးရအနေဖြင့်လည်း ကိုဗစ်ကြောင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းထိခိုက်မှု၊ ထိုင်းပြန်အလုပ်သမား များ အလုပ်လက်မဲ့ဖြစ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်မှုတို့အပေါ် မည်သို့ကုစားလုပ်ဆောင်သွားမည်ကိုလည်း မသိရဘဲ ဖြစ်နေသည်။
မကြာမီကာလအတွင်း မိုးစပါးစိုက်ရာသီ ရောက်ရှိလာမည်ဖြစ်သည့်အတွက် လယ်ယာလုပ်ငန်းခွင်သို့ အနည်းနှင့် အများဆိုသလို ဝင်ကူရနိုင်မည်ဖြစ်သည်။ ထိုလယ်ယာကဏ္ဍမှာ ပြည်နယ်အတွင်းသို့ ရင်းနှီးမြှပ်နှံမှုများ မလာသေး မှီကာလ အလုပ်လက်မဲ့ပြဿနာကို အထိုက်အလျောက် အထောက်အကူပြုနိုင်သည်။ ဥပမာ – ပြည်နယ်အစိုးရ အနေဖြင့် ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧက ၁၉၀,၀၀ဝ အတွက် သွင်းအားစုများ ပိုပံ့ပိုးပေးရန်စသဖြင့် ကူညီရေး နည်းလမ်းများ ရှာဖွေပံ့ပိုးသွားရန် လိုအပ်သည်။
လက်ရှိ ထိုင်းပြန်များတွင် ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်လာခြင်းရှိမရှိကို ပြည်နယ်အစိုးရက ဦးစားပေး လုပ်ဆောင် နေသော်လည်း ရေရှည် ဖြစ်လာနိုင်သည့် အလုပ်လက်မဲ့ပြဿနာအတွက် ပြည်ထောင်စုအဆင့် လမ်းညွှန်မည့်အချိန် ကိုမစောင့်ဘဲ မိမိတို့ပြည်နယ် အတိုင်းအတာအားဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တီထွင်ကြံဆကာ နည်းလမ်းရှာရင်း ရေတို၊ ရေရှည် လုပ်ငန်းစီမံချက်များ သမာသမတ်ကျကျ ချမှတ်လုပ်ဆောင်သွားစေလိုပါသည်။