ဒုက္ခသည်များ ရင်ဖွင့်သံ
ယနေ့ (ဇွန်လ ၂ဝရက်) ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များက လတ်တ လော ၎င်းတို့ကြုံတွေ့နေရသည့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အခြေအနေနှင့်ပတ်သက်၍ ယခုလို ရင်ဖွင့်ပြောဆိုလာကြသည်။
————————————————————————–
မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ (စောအောနက်)
ဒုက္ခသည်ဘဝ နှစ်ရှည်လာတာနဲ့အမျှ ပြောင်းလဲမှုတွေလည်း အမြဲတမ်း ကြုံတွေ့နေရတယ်။ ဒီနေ့လို ဒုက္ခသည်များနေ့မှာ ကျနော်တို့အမြင်ကို ဖော်ပြချင်တာက ကျနော်တို့ ဒုက္ခသည်တွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို နောင်လာမယ့် အနာဂတ်မှာ နည်းလမ်းပေါင်းစုံနဲ့ လမ်းဖွင့်ပေးစေချင်တယ်။ ဘာဖြစ်လဲဆိုတော့ လက်ရှိ ကျနော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက အများကြီးရှိနေတုန်းပဲ။ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်က နောင်အနာဂတ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ဒီမှာရှိတဲ့ ခေါင်းဆောင်တွေက စဉ်းစားလုပ်ဆောင်ချက်တွေရှိနေပေမဲ့ ဒီအခြေ အနေတွေ အားလုံးက စစ်မှန်ပြီး ခိုင်မာတဲ့ ထာဝရ ငြိမ်းချမ်းရေး လမ်းစဉ်အပေါ်မှာ အများကြီးမူတည်တယ်။
ဒုက္ခသည်စခန်းထဲမှာ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး အရင်က ကူညီထောက်ပံ့မှုတွေ လျော့နည်းတာမျိုး ကြုံခဲ့ရပေမဲ့ အခု ကာလမှာတော့ ကျနော်တို့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက စားနပ်ရိက္ခာအတွက် ၃ လစာလောက် စုဆောင်းပေး ထားတာမျိုးရှိပြီး တစ်လတစ်ခါလည်းပုံမှန် ထောက်ပံ့နေသေးတော့ လျော့နည်းသွားတာမျိုးတော့ မရှိသေးဘူး။ နောက် ပညာရေး ပိုင်းမှာကျတော့ စိုးရိမ်မှုရှိတာက အခု လောလောဆယ် ကျောင်းတွေ ပြန်ဖွင့် လို့မရသေးဘူး။ လက်ရှိ ကပ်ရောဂါ အခြေအနေကြောင့်ပေါ့။ ဒါပေမဲ့ ပညာရေး တာဝန်ရှိသူတွေနဲ့ ကျောင်းသား မိဘတွေ ကတော့ ဒီအပေါ်မှာ ကြိုတင်ပြင်ဆင်ထားတာမျိုး ရှိလိမ့်မယ်လို့တော့ မျှော်လင့်ရပေမဲ့ ပညာရေးအတွက် စိုးရိမ်မှုတော့ ရှိနေသေးတာပေါ့။ ကျန်းမာရေး အပိုင်းမှာဆိုလည်း လက်ရှိ ရောဂါအခြေအနေကလည်း ကျနော်တို့ စခန်းတွေမှာဖြစ်တာမျိုး မရှိဘူး။ ကျန်းမာရေး တာဝန်ရှိသူတွေအနေနဲ့ အကောင်းဆုံး ကြိုတင်ပြင် ဆင်ထားတာမျိုးရှိပါတယ်။
စောပွယ်စေး (ကရင်ဒုက္ခသည်ကော်မတီ-KRC ၊ အတွင်းရေးမှူး )
အခုချိန်မှာ ဘယ်မှသွားလာလို့မရဘူး။ ဒီကပ်ရောဂါအခြေအနေကလည်း ဘယ်လိုပြီးဆုံးမလဲ၊ စည်းမျဉ်းစည်းကမ်း တွေလည်း ဘယ်လိုထပ်ရှိလာအုံးမလဲဆိုတာမသိဘူး။ နိုင်ငံရေးအခြေအနေကလည်း ဘာလမ်းစမှ မတွေ့သေးဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက်လည်း ဘာလမ်းကြောင်းမှ မမြင်ရသေးဘူး။ ဒါကြောင့် ကျနော်တို့က အလှူရှင် နိုင်ငံတွေကို တောင်းဆိုချင်သေးတယ်။ ထောက်ပံ့ကူညီမှုတွေ လျော့နည်းပေမဲ့လည်း အားလုံးကို မဖြတ်သေးဖို့ရယ်၊ နောက်စခန်းထဲမှာ ဘယ်အရာတွေက အရေးကြီးလဲဆိုတာကို ကြည့်ပြီးတော့ ဆက်လက်ကူညီဖို့ မေတ္တာရပ်ခံတောင်း ဆိုချင်သေးတယ်။
ဒီလိုစခန်းတွေကို ကူညီထောက်ပံ့တဲ့နေရာမှာ လူမှုကူညီတဲ့နေရာက ပိုပြီးအရေးကြီးတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့အား လုံးက စေတနာနဲ့ကူညီတဲ့လူတွေပဲဖြစ်တယ်။ ဒီလူမှုအဖွဲ့အစည်းတွေက မရှိဘူးဆိုလို့ရှိရင် ပညာရေး၊ ကျန်းမာရေး ဒါတွေ ကအခက်အခဲဖြစ်မယ်။ ဒါကြောင့်လိုအပ်တဲ့နေရာတွေမှာ ဆက်လက်ကူညီဖို့တောင်း ဆိုချင်ပါတယ်။ နောက်တစ်ခုက မုဆိုးမတွေ၊ မိဘမဲ့တွေ၊ မသန်မစွမ်းတွေက ဆက်ပြီးနေထိုင်မှုအဆင်ပြေအောင်ဆက်လက်ထောက်ပံ့ချင်ပါတယ်။
နော်ထွေးထွေး (ကရင်အမျိုးသမီးအစည်းရုံး -KWO ၊ အုန်းဖြန်ဒုက္ခသည်စခန်း)
ဒီကမာ္ဘ့ဒုက္ခသည်များနေ့နဲ့ ပတ်သက်ပြီး ကျမပြောချင်တာကတော့ ဒီဒုက္ခသည်ဘဝကနေလွတ်မြောက်ချင်တယ်။ ကျမ တို့ကို သူများတွေက ဒုက္ခသည်လို့ခေါ်လို့ရှိရင် ကျမတို့လည်း ဒီလိုမျိုးခေါ်ဆိုခံရတော့ စိတ်ထဲမှာ ခံစားလို့မကောင်းဘူး။ ကျမတို့ ဒီဒုက္ခသည်စခန်းမှာ မနေချင်ဘူး၊ ဒုက္ခသည်လည်း မဖြစ်ချင်ပါဘူး၊ ဖြစ်နိုင်လို့ရှိရင် ကိုယ့်အခွင့်အရေးနဲ့ပဲကိုယ်နေ ချင်ပါတယ်။ ဒါကြောင့်မို့ ကျမတောင်းဆိုချင်တာက ဖြစ်နိုင်လို့ရှိရင် ကျမတို့ ဒုက္ခသည်တွေအတွက် အခြေအနေကြောင့် ကျမတို့သွားလို့ လာလို့မရသေးတဲ့အချိန်မှာ ကျမတို့ကိုကူညီ ဆောင်ရွက်ပေးတဲ့ အကြီးအကဲတွေ ပြီးတော့ကူညီထောက်ပံ့ပေးတဲ့ အလှူရှင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။
စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးဘက်မှာ ပြန်ကြည့်ရမယ်ဆိုရင် အလှူရှင်တွေက ကျမတို့ကို ကူညီပါတယ်။ ဒါပေမဲ့ကူညီထောက်ပံ့မူတွေက လျော့နည်းလာတယ်။ ကျမတို့ ဒုက္ခသည်တွေက တာဝန်ရှိလူကြီးတွေရဲ ့ချမှတ်ထားတဲ့ အတိုင်းအတာအောက်မှာ နေရတာဖြစ်တဲ့အတွက် ကျမတို့ကို မသွားနဲ့ဆိုရင် ကျမတို့သွားလို့မရဘူး။ အပြင်မှာ အလုပ် ထွက်လုပ်လို့လည်း မရဘူးပေါ့နော်။ အခုလက်ရှိအခြေအနေမှာ ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံကို ပြန်ဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အတွက်ကြောင့် ကျမတို့ကိုကူညီထောက်ပံ့ပေးတဲ့ အလှူရှင်တွေကို ကျမတို့တောင်းဆိုချင်တာက ကျမတို့ကို ဆက်လက်ကူညီထောက်ပံ့ပေးပါ။ အပြည့်အဝ ဆက်လက် မထောက်ပံ့ပေးနိုင်တော့ရင်လည်း ဒီထက်ပိုပြီးတော့ မလျှော့ချပါနဲ့တော့လို့ ကျမတို့တောင်းဆိုချင်ပါတယ်။
စောပလဲထူး (ကျောင်းဆရာ၊ မယ်လဒုက္ခသည်စခန်း)
ဒီ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ကမာ္ဘ့ဒုက္ခသည်များနေ့မှာ ကျနော်ပြောချင်တဲ့အရာကတော့ ကျနော်တို့တွေက ဒုက္ခသည်စခန်းမှာ နေထိုင်ကြတာဖြစ်တဲ့အတွက် သူများတွေကကျနော်တို့တွေကို ဒုက္ခသည်လို့ခေါ်ကြတယ်။ ဒီဒုက္ခသည်ဆိုတဲ့စကားကို အမှန်တကယ်ပြောရမယ်ဆိုရင် ကျနော်တို့ကို တသက်လုံးအခေါ်မခံချင်ပါဘူး။ ပြီး
တော့ တစ်နေ့နေ့ကျရင် ဒုက္ခသည်တွေ မရှိတော့ဘူးလို့ ကျနော်တို့ယုံကြည်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်၊ ကိုယ့်မြေပေါ် မှာပဲ ပြန်နေချင်ပါတယ်။ ဒါပေမဲ့အခုအချိန်မှာ ပဋိပက္ခတွေ စစ်ပွဲတွေ ရှိနေသေးတဲ့အတွက် ဒီဒုက္ခသည်စခန်းမှာပဲ နေထိုင်ရစဲဖြစ်တယ်။
နောက်ပြီးတော့ ကျနော် တောင်းဆိုချင်တာက ကျနော်တို့တွေကို ကူညီထောက်ပံ့ပေးကြတဲ့ UNHCR ဖြစ်ဖြစ်၊ TBC တို့ဖြစ်ဖြစ် ပြီးတော့ ပညာရေး ဌာနတွေအားလုံးပေါ့နော်။ ကျနော်တို့ရဲ ့အခက်အခဲ အဆင်မပြေမူတွေကိုနားလည်ပေးပြီး ကျနော်တို့တွေကို တတ်နိုင်သလောက် ဆက်လက် ကူညီထောက်ပံ့ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အခုချိန်မှာ ကျနော်တို့ နိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မရရှိသေးတဲ့အတွက် ဒါကြောင့်မို့ ဒုက္ခသည်စခန်းမှာ ရှိတဲ့လိုအပ်မူတွေကို ဆက်လက်ကူညီထောက်ပံ့ပေးဖို့အတွက် ကျနော်တို့ တောင်းဆိုချင်ပါတယ်။
အခုချိန်မှာ စားသုံးကုန်တွေ ဈေးအရမ်းတက်လာတယ်။ ဒါကြောင့်မို့ စားဖို့သောက်ဖို့အတွက် TBC ဘက်ကနေပြီးတော့ ၃ဝ ရာခိုင်နှုန်း ထပ်တိုးပေးတဲ့အတွက် အဆင်နည်းနည်းပြေလာတယ်၊ ထပ်မတိုးပေးဘူးဆိုရင် ကျနော်တို့တကယ် အခက်ကြုံရမှာ သေချာတယ်။ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့မူတွေက ရပ်တန့်သွားမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲက လုယက်ခိုးယူမူတွေများလာမယ်။ ပြီးတော့ တရားဥပဒေတွေကိုလည်း ချိုးဖောက်လာနိုင်တယ်။ ပညာရေးဘက်မှာ အခက်ကြုံရတာကတော့ အခုချိန်ထိ ကျောင်းဖွင့်လို့မရသေးဘူး။ ပြီးတော့ဘယ်တော့မှ ကျောင်းပြန်ဖွင့် မှာလည်းဆိုတာကိုလည်းမသိသေးဘူး။ ထိုင်းအစိုးရကျောင်းတွေ ပြန်လည်ဖွင့်ကြားပေမဲ့လည်း ကျနော်တို့ ဒုက္ခသည် ကျောင်းတွေအတွက်တော့ တာဝန်ရှိလူကြီးတွေ ဘယ်လိုအစီအစဉ်ရှိလဲဆိုတာကို ကျနော်တို့ အသေအချာ ပြောလို့မရ သေးဘူး။
ခါတိုင်းနှစ် နွေရာသီ ကျောင်းပိတ်ရက်အချိန်မှာဆိုရင် ကျောင်းသားတွေဖြစ်ဖြစ်၊ ကျောင်းသားမိဘတွေဖြစ်ဖြစ်၊ အပြင် ထွက်ပြီး အလုပ်ရှာလုပ်ကြတယ် ပြီးတော့ ရတဲ့ပိုက်ဆံတွေကို စုထားပြီးတော့ သူတို့ကလေးတွေရဲ ့ တစ်နှစ်စာ ပညာရေး အတွက် ကူညီထောက်ပံ့ဖို့ အတွက်ရုန်းကန်ရတာပေါ့နော်။ ကျောင်းဆရာ ဆရာမတွေလည်း အတူတူပါပဲ သူတို့တွေရဲ ့ မိသားစုစားဝတ်နေရေးအတွက် အလုပ်ရှာလုပ်ရတာပါပဲ။ ဒါပေမဲ့ဒီနှစ်မှာတော့ ဒီCOVID-19 ရောဂါကြောင့် လွန်ခဲ့တဲ့နှစ် လိုမျိုး ဝင်ငွေရရှိနိုင်ဖိုအတွက် အပြင်ကိုသွားပြီး လုပ်ကိုင်လို့လည်းမရတော့ဘူး။ ပြီးတော့ ကျောင်းပြန် ဖွင့်ဖို့အတွက်လည်း အခက်အခဲတွေ အများကြီးရှိတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းလည်ပတ်ဖို့အတွက်က ကျောင်းသူ၊ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေရဲ ့ ပံ့ပိုးမူအပေါ်မှာလည်း အများကြီးမူတည်တယ်။
စောလဲပွယ်မူး ( ကျောင်းသား၊ အုန်းဖျန်ဒုက္ခသည်စခန်း)
ကျနော်အပြင်မှာ ကျောင်းသွားတက်ချင်ရင်လည်း တက်ခွင့်မရှိဘူး။ စခန်းထဲမှာကျောင်းတက်ပြီးမြန်မာပြည်မှာပြန်ရင် ကျောင်းပြန်တက်ဖို့လည်း အခွင့်အရေးမရှိဘူး။ စခန်းထဲမှာတော့ ကျောင်းတက်လို့တော့ရတယ်။ ရိက္ခာလည်း ပူစရာမလို သေးဘူး။ အပြင်မှာ အလုပ်ထွက်လုပ်ဖို့လည်း ဘာအထောက်အထားလက်မှတ်မှ မရှိပြန်ဘူး။ ဒါလည်း အခက်အခဲ တစ်ခုပေါ့နော်။ စခန်းအတွင်းနဲ့စခန်းအပြင်မှာနေတဲ့ကျောင်းသားတွေက တအားကွာခြားတယ်။ အပြင်မှာနေတဲ့ ကျောင်းသားတွေကတော့ အတွေ့အကြုံနဲ့ပတ်သက်ရင် သူတို့က စာတွေ့အပြင် လက်တွေ့ အတွေ့အကြုံလည်းရှိတယ်။ စခန်းထဲမှာကျတော့ စာတွေ့ပဲရှိတယ်၊ လက်တွေ့ကျတော့ မရှိဘူး ။
နောက်ပြီး စခန်းထဲမှာဆို အရင်ခေတ်ကျောင်းသားတွေနဲ့ အခုခေတ်ကျောင်းသားတွေကအများကြီးကွာသွားပြီး ထောက်ပံ့ မှုလျော့နည်းလို့ နိုင်ငံခြားက ဆရာ၊ ဆရာမတွေမလာတော့တဲ့အတွက် အခုခေတ်ကျောင်းသားတွေက အဂင်္လိပ်ဘာသာကို သိပ်မနိုင်တော့ဘူး။ စခန်းတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေမှာကြည့်လိုက်ရင်လည်း ထောက်ပံ့မှုတွေလျော့သွားတယ်။ အလှူရှင်တွေလည်း နည်းသွားတယ်။ ကျနော်တောင်းဆိုချင်တာကတော့ စာတွေ့တခုထဲပဲမသင်ချင်ဘူး။ လက်တွေ့လည်း သင်ချင်တယ်။ အပြင်မှာ ကျောင်းသွားတက်ဖို့ ကျနော်တို့မှာ ဘာလက်မှတ်အထောက်အထားမှ မရှိဘူး။ ကျနော်တို့ မှတ်ပုံတင်လိုချင်တယ်။
အခု ကိုဗစ်ရောဂါကြောင့် လွတ်လွတ်လပ်လပ်စာသင်ဖို့အတွက် ခက်ခက်တဲ့ကာလတခုလည်းဖြစ်တယ်။ သူများ ကျောင်းတွေစာသင်ရသလိုမျိုး ကျနော်တို့လည်း စာသင်ချင်ပါတယ်။ နောက်တခုကျနော်စိုးရိမ်တာက ဒီကလမှာ ကျောင်းသားတွေ ဒီအတိုင်းနေရင်းနေရင်း သူတို့စာသင်ဖို့ သိပ်ဝါသနာမပါတော့တဲ့အနေအထားမှာရှိတယ်။ ပြီးတော့ ထောက်ပံ့မှုလျော့နည်းနေတဲ့အတွက် သူတို့မိသားစုကိုပြန်ကြည့်နေတဲ့ကျောင်းသားတွေရှိသလို အိမ်က ထောက်ပံ့မနိုင်တဲ့အတွက် ကျောင်းစရိတ်လည်းပေးလို့မနိုင်တဲ့ကျောင်းသားတွေရှိတယ်။
နော်လေးခူမူး (ကျောင်းသူ၊ အုန်းဖျန်ဒုက္ခသည်စခန်း )
ဒုက္ခသည်မှာ နေရတဲ့သူဖြစ်ပေမယ့်လည်း ဝမ်းနည်းစရာမလိုဘူး။ စခန်ထဲမှာရှိတဲ့ကျောင်း သူကျောင်းသားတွေ အနေနဲ့လည်း အားမငယ်ပါနဲ့လို့ ကျမပြောချင်ပါတယ်။ မနှစ်မှာတော့ အခက်အခဲတခုကြုံရတယ်။ စာသင်ဖို့အတွက် ကျောင်းဆရာမရှိဘူး။ ဒီနှစ်မှာတော့ကျောင်းတက်လို့မရဘူး။ အိမ်ထဲမှာပဲ စာသင်နေရတယ်။ ဆရာမတွေက တောင်တက်ပြီး တအိမ်တက်တအိမ်ဆင်းစာလိုက်သင်ရတယ်။ သူတို့အတွက်လည်း အခက်အခဲဖြစ်တယ်။ ပုံနှိပ်စာအုပ်လည်းမရှိဘူး။ ဘာသာစုံတလစာလာပေးတယ်။ ကျမတို့ဘာမှနားမလည်ဘူး။ နောက်ပြီးသူတို့က တစ်ပတ်တစ်ခါစာလှည့်စစ်တယ်။
အခုတော့ လိုတာကကျောင်းသားတွေကျောင်းပြန်တက်ရဖို့ပါပဲ။ စခန်းအပြင်ဘက်မှာ ကျောင်းသွားတက်ချင်တဲ့သူတွေတ အများကြီးရှိတယ်။ ဘာဖြစ်လို့ အပြင်ကကျောင်းတွေကိုတက်ချင်လဲဆိုတော့ များသောအားဖြစ်သူများပြောတာက အပြင်မှာ ရှိတဲ့ကျောင်းပညာရေးတွေက စခန်းထဲမှာရှိတဲ့ ကျောင်းပညာရေးတွေထက်ပိုအဆင့်မြင့်တယ်။ သူတို့အဲ လိုမြင်ကြတာဖြစ်မှာပေါ့။ ဒါပေမယ့် ကျမကတော့ အဲလိုမမြင်ဘူး။ စခန်းထဲက ပညာရေးလည်း ကျမအတွက် လုံလောက်ပါတယ်။ English တို့ Math တို့ သင်တဲ့ဆရာမတွေလည်းတော်ပါတယ်။
ကျမစိုးရိမ်တာကတော့ရှေ့ဆက်ထောက်ပံ့မှု ဒီထက်ပိုလျော့နည်းသွားရင် ဆရာဆရာမ တွေမရှိတော့မှာကို စိုးရိမ်တယ်။ ဆရာ၊ မတွေမရှိတော့ရင် ကျမတို့ ကျောင်းလည်းမတက်ရတော့သလို စာလည်းမတတ်တော့ဘူးပေါ့။ တာဝန်ရှိသူတွေကို တောင်းဆိုချင်တာက ဆရာ၊ ဆရာမတွေရှိဖို့အတွက် စားနပ်ရိက္ခာတွေကို ဒီထက်ထပ်မလျော့ပါနဲ့ပေါ့နော်။