Home ဆောင်းပါး နိုင်ပါလျက်နဲ့အမြဲရှုံး‌နေရတဲ့ အ‌နေအထားက‌နေ လွတ်‌မြောက်ဖို့

နိုင်ပါလျက်နဲ့အမြဲရှုံး‌နေရတဲ့ အ‌နေအထားက‌နေ လွတ်‌မြောက်ဖို့

2810

‌မောင်‌ကျော်စွာ

(၂၀၂ဝ ပြည်နှစ်၊ ဇွန်လ ၂ဝ ရက်)

“NLD ပါတီကိုမှ မဲမထည့်ရင် ဘယ်ပါတီကို မဲထည့်မှာလဲ။ NLD ပါတီကို မဲမထည့်ရင် စစ်ကျွန်ဘဝ ကျ‌ရောက်သွား မယ်” စတဲ့ စတဲ့ မဲဆွယ်သံ၊ မဲမြှူသံ၊ မဲကလူသံ‌တွေ ကြားလာရပြန်ပါပြီ။ အချိန်အခါနီးလာပြန်‌တော့ အချိန်အခါပြအသံ‌တွေ ကြားလာရပြီ‌ပေါ့။

ဒီအသံ၊ ဒီစကား‌တွေဟာ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်‌ရွေး‌ကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ မတိုင်မီကဆိုရင် ‌တော့ ရင်ခုန်ဖွယ် – ‌မျှော်လင့်ဖွယ် – စိတ်ဝင်စားဖွယ် ဖြစ်‌ကောင်းဖြစ်ခဲ့မှာ‌ပေါ့။ အခုအချိန်အခါကာလက‌တော့ “၂၀၁၂ လက်‌တွေ့ က‌လေး” ကို‌ရော “၂၀၁၅ လက်‌တွေ့ကြီး” ကို‌ရော လက်‌တွေ့ ဖြတ်သန်းခဲ့ကြရပြီးပြီ မဟုတ်ပါ‌လော။

အခုချိန်ကာလဟာ တခဲနက် အနိုင်ရခဲ့တဲ့ ဒီချုပ်ပါတီဘက်က‌ရော၊ စိတ်အားထက်သန်စွာနဲ့ ဒီချုပ်ပါတီကို မဲပုံ‌ပေးခဲ့ကြ တဲ့ မဲဆန္ဒရှင်ပြည်သူများဘက်က‌ရော မိမိတို့မူလဆန္ဒ‌တွေနဲ့ ပကတိလက်‌တွေ့ရရှိချက်‌တွေကို ဆန်းစစ်ကြဖို့ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီချုပ်ပါတီက အစိုးရသက်တမ်း နိဒါန်း‌နေ့ရက်များမှာ ‌ကြေညာခဲ့တဲ့ အစိုးရမူဝါဒ‌ပေါ်လစီပါ ရည်မှန်းချက် ‌တွေ အဘယ်မျှ ‌အောင်မြင်‌ပေါက်‌မြောက်ခဲ့ပါသလဲ ဆိုတဲ့အချက်‌တွေကို အဓိက ဦးတည်ချက်ထားပြီး ‌ဝေဖန်ဆန်းစစ်ကြရမယ် လို့ ယူဆပါတယ်။

ဒီ‌နေရာမှာ ပဏာမအ‌နေနဲ့ ‌ပြောကြားထားချင်တဲ့ အချက်ရှိပါတယ်။ ‌ပြောကြားချင်တဲ့အ‌ကြောင်းရင်းက “NLD ပါတီကို မဲမထည့်ရင် စစ်ကျွန်ဘဝ ကျ‌ရောက်သွားမယ်” ဆိုတာနဲ့ တိုက်ရိုက်ပတ်သက်‌နေပါတယ်။

ဒီစကားက သကာဖုံးထားတဲ့ မုသားတမာစကား ဖြစ်ပါတယ်။ ပထမတစ်ချက်က NLD ပါတီကို တကယ်ပဲ မဲထည့်ရင် စစ်ကျွန်ဘဝ မကျ‌ရောက်‌တော့ဘူးလား။ ‌သေချာရဲ့လား။ ဒီစကားနဲ့ပတ်သက်လို့‌တော့ “၂၀၁၂ လက်‌တွေ့က‌လေးနဲ့ ၂၀၁၅ လက် ‌တွေ့ကြီး”တို့ က ခါးသီးစွာနဲ့ ‌ခေါင်းကို သွက်သွက်ခါ ရမ်းပြ‌နေပါတယ်။

ဆက်တိုက်‌မေး‌ပြော ‌ပြောချင်တာက “၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်”ထဲမှာ ‌နေထိုင်လှုပ်ရှား‌နေကြရတဲ့ ဘဝဆိုတာ ‌လှောင်ချိုင့်ထဲက ငှက်ငယ်များရဲ့ ဘဝမျိုးနဲ့ ဘာများခြားနားပါသလဲ။ မြင်သာ‌အောင် နှိုင်းယှဉ်ပြီး‌ပြောရမယ်ဆိုရင် “(နဝတ-နအဖ) စစ်အစိုးရလက်ထက်” ‌လှောင်ချိုင့်က အင်မတန်ကျဉ်း‌မြောင်းလွန်းပြီး၊ စစ်အုပ်စုက စိတ်ကြိုက်‌ရေးပြီး အဓမ္မ အတည်ပြုထားတဲ့ “၂၀၀၈ အ‌ခြေခံ ဥပ‌ဒေ‌ဘောင်” ဆိုတဲ့ ‌လှောင်ချိုင့်က‌တော့ တစ်စုံတစ်ရာ နဲနဲပိုပြီး ကျယ်ဝန်းတာ‌တော့ အမှန်ပါပဲ။

ဒီ “၂၀၀၈ အ‌ခြေခံ ဥပ‌ဒေ‌ဘောင်” ‌လှောင်အိမ်ထဲမှာ အဆိုးဝါးဆုံးအချက်က ပြည်သူအများစုရဲ့ ဆန္ဒဟာ ကာချုပ် ဆိုတဲ့ စစ်တပ်ကို ချုပ်ကိုင်ထားနိုင်သူ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ သ‌ဘောထားဆန္ဒနဲ့ပယ်ချနိုင်၊ လျစ်လျူရှုနိုင်၊ ဖျက်သိမ်းနိုင်တဲ့ အချက်ပါ ပဲ။ ဒါဟာ နိုင်ငံ‌ရေးအရ တရားဝင် အညွန့်ချိုးခံရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီ‌ဘောင်ထဲမှာ‌နေ ‌နေသမျှ၊ ဒီဥပ‌ဒေကို ‌လေးစားလိုက်နာပါ့ မယ်၊ ထိန်းသိမ်းကာကွယ်ပါ့မယ်လို့ ပဋိဉာဉ်ပြု‌နေကြသမျှ ထာဝစဉ်အညွှန့်ချိုး ခံ‌နေမြဲ ခံ‌နေရမှာပဲဖြစ်ပါတယ်။

၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာ ပြည်သူလူထုရဲ့ တခဲနက်မဲ‌ပေးမှုနဲ့ အနိုင်ရပြီး အစိုးရဖြစ်လာတဲ့ ဒီချုပ်ပါတီဟာ သူ့ရဲ့ မူဝါဒ‌ပေါ်လစီ‌တွေကို အခုလို ‌ကြေညာခဲ့ပါတယ်။
၁။ အမျိုးသားရင်ကြား‌စေ့‌ရေး
၂။ ပြည်တွင်းငြိမ်းချမ်း‌ရေး
၃။ ဒီမိုက‌ရေစီဖယ်ဒရယ်ပြည်‌ထောင်စု ဖြစ်‌ပေါ်‌ရေးကို ‌ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတစ်ခု ‌ပေါ်‌ပေါက်‌ရေးနဲ့ ပြည်သူ လူထုအများစုရဲ့ လူ‌နေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မား‌ရေးတို့ကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမှာဖြစ် ပါတယ်။

(နိုင်ငံ‌တော် သမ္မတ ဦးထင်‌ကျော်ရဲ့ ပထမဆုံးမိန့်ခွန်း ၃၀-၃-၂၀၁၆)
သမ္မတဦးထင်‌ကျော်ရဲ့‌နောက် ၂၀၁၈ ခုနှစ်မှာ နိုင်ငံ‌တော်သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်‌ပြောကြားခဲ့တာက အခုလိုဖြစ်ပါတယ်။
၁။ တရားဥပ‌ဒေစိုးမိုး‌ရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မား‌ရေး
၂။ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေး
၃။ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုကြီးတည်‌ဆောက်‌ရေးအတွက် အ‌ခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင် ‌ရေးတို့ကို ဦးတည်ကြိုးပမ်း‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ (နိုင်ငံ‌တော်သမ္မတဦးဝင်းမြင့်ရဲ့ ပထမဆုံး မိန့်ခွန်း ၃၀-၃-၂၀၁၈)

ဒီချုပ်ပါတီအစိုးရ ဖြစ်လာပြီး‌နောက် အချိန်ကာလအားဖြင့် ၂နှစ်တိတိကြာတဲ့အခါမှာ နိုင်ငံ‌တော်သမ္မတ နှစ်ဦးရဲ့ မိန့်ခွန်း ဟာ အနှစ်သာရအရ အ‌ပြောင်းအလဲ သိပ်မရှိလှ‌ပေမယ့် ‌ရှေ့‌နောက်အစီအစဉ်၊ တရားဥပ‌ဒေစိုးမိုး‌ရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွား ဘဝ တိုးတက်မြင့်မား‌ရေးဆိုတာ ‌ရှေ့‌ရောက်လာပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးဟာ ‌ခေါင်း စဉ်တစ်ခုထဲ ‌ပေါင်းစည်းသွားပါတယ်။ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကို ဦးတည်ကြိုးပမ်း‌ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တိကျစွာ သုံးနှုန်း‌ဖော်ပြလာတာကို ‌တွေ့ရပါလိမ့်မယ်။

အဲဒီအချိန်ကာလအထိ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးဟာ အစမပြုနိုင်‌သေးပါဘူး။ ၂၀၂ဝ ဇန်နဝါရီလထဲ‌ရောက်မှ အ‌ပြေးအ ဖြန်း စတင်လာခဲ့တာပါ။

အထက်မှာ ‌ဖော်ပြခဲ့တဲ့ ဒီချုပ်ပါတီအစိုးရရဲ့ “မူဝါဒ”လို့ဆိုဆို၊ “ဦးစား‌ပေးရည်မှန်းချက်ပန်းတိုင်‌တွေ”လို့‌ပြော‌ပြော၊ ‌ပြော လို့ရတဲ့ကိစ္စ‌တွေဟာ မဲဆန္ဒရှင်ပြည်သူလူထုက ‌မျှော်မှန်းခဲ့တဲ့ အတိုင်းအတာနဲ့ ‌အောင်မြင်‌အောင်၊ ဖြစ်‌မြောက်‌အောင် လုပ်‌ဆောင် နိုင်ခဲ့ပါရဲ့လား။

တရားဥပ‌ဒေစိုးမိုး‌ရေး – ပြည်တွင်းငြိမ်းချမ်း‌ရေး – ၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကိစ္စ‌တွေမှာကြည့်ပါ ‌ပြောပ ‌လောက်တဲ့ ‌အောင်မြင်မှု‌တွေ မရရှိခဲ့တာကို ‌တွေ့မြင်ရမှာဖြစ်ပါတယ်။ ပါလီမန်နိုင်ငံ‌ရေးသမား‌တွေဖြစ်လို့ မလုပ်နိုင်တာ – မ‌အောင်မြင်ရတာကို စကားတတ်ရင်တတ်သလို၊ စကားကြွယ်ရင်ကြွယ်သလို ဖုံးဖိကာကွယ်‌ပြောတတ်တယ် ထားပါအုံး။ ဆိုးဝါး တဲ့ သက်‌ရောက်မှု‌တွေ‌တော့ ဒီချုပ်ပါတီနဲ့ ဒီချုပ်အစိုးရအ‌ပေါ်မှာ သက်‌ရောက်လာတာကို ‌တွေ့ရပါလိမ့်မယ်။

ဥပမာ – တရားဥပ‌ဒေစိုးမိုး‌ရေးမှာဆိုရင်လည်း ဗစ်တိုးရီးယား‌လေးအမှုအခင်းကိစ္စကို ထိ‌ရောက်ပြတ်သားစွာ ရပ်တည် မ‌ပေးနိုင်ခဲ့ဘူး။ မူးယစ်‌ဆေးဝါးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်‌ရေးကိစ္စ‌တွေမှာလည်း အ‌ကောင်ကြီး‌တွေကို ချိုကိုင်ပြီး ဖမ်းမပြ နိုင်ခဲ့ဘဲ အစုလိုက် အပုံလိုက် ပိုင်ရှင်မဲ့‌တွေအဖြစ်သာ ဖမ်းမိ‌နေတာ‌တွေ့ရမှာဖြစ်ပါတယ်။ အလုပ်သမားဆန္ဒပြမှု၊ လယ်သမားဆန္ဒ ပြမှု၊ ‌ကျောင်းသားဆန္ဒပြမှု‌တွေကိုလည်း အဆမတန် အင်အားသုံး အကြမ်းဖက်ဖြိုခွဲခဲ့လို့ ဒီချုပ်ပါတီအ‌ပေါ် နာကျည်းမှု‌တွေပဲ တန်ပြန်သက်‌ရောက်ခဲ့တယ် မဟုတ်ပါလား။

ပြည်တွင်းငြိမ်းချမ်‌ရေးကိစ္စကို ကြည့်တဲ့အခါမှာလည်း ၂၁ရာစုပင်လုံအစည်းအ‌ဝေးဟာ ရပ်နားထားရပြီး အမျိုးမျိုး ‌သော ပွတ်တိုက်မှု‌တွေ၊ ထစ်‌ငေါ့မှု‌တွေ ကြုံရပါတယ်။ ဒါ‌တွေအားလုံးဟာ ဒီချုပ်ပါတီအစိုးရဟာ စစ်တပ်ကို မ‌ကျော်လွှားနိုင် တာ‌ကြောင့်ဖြစ်ပါတယ်။ ဒီကိစ္စဟာ ‌ရေရှည်မှာ စစ်တပ်ဘက်က အကြပ်ကိုင်မှု၊ တိုင်းရင်းသားအင်အားစု‌တွေ (EAOs)ဖက်က ဖိအား‌ပေးမှု‌တွေအကြားမှာ ဒီချုပ်ပါတီအစိုးရဟာ ဗြာများ‌နေရတာကို ‌တွေ့ရပါတယ်။ ဥပမာ – ရခိုင်ပြည်နယ်ကိစ္စ‌တွေမှာ တိုက်ခိုက်‌ရေးရဟတ်ယာဉ်သုံးတဲ့ကိစ္စ၊ ‌ချေမှုန်းဖို့ အမိန့်‌ပေးတယ်ဆိုတဲ့ကိစ္စ၊ စစ်တပ်ကို ချီးမွမ်းခန်းဖွင့်တဲ့ကိစ္စ၊ (ULA/AA) ကို မတရားသင်း/အကြမ်းဖက်‌ကြေညာတဲ့ကိစ္စ‌တွေမှာ ဒီချုပ်ပါတီအစိုးရဟာ စစ်တပ်ကို မလွန်ဆန်နိုင်တာကို အထင်အရှားမြင်‌တွေ့ လာရပါတယ်။ ဒီအချက်‌တွေကို အ‌ကြောင်းပြုပြီး(EAOs)‌တွေ၊ လူမျိုးစု‌တွေနဲ့ အခြားနိုင်ငံ‌ရေးအင်အားစု‌တွေက ‌ထောက်ပြ‌ဝေဖန် စရာ‌တွေ တိုးသက်တိုးများလာ‌နေပါတယ်။

၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကိစ္စက‌တော့ ဒီချုပ်ပါတီအစိုးရအဖို့ မြင်မ‌ကောင်းရှုမ‌ကောင်းတဲ့ မ‌အောင်မြင်မှုတစ်ခု ပါပဲ။ ဒါဟာ တစ်နည်းအားဖြင့် ဒီချုပ်ပါတီက ကိုင်စွဲကျင့်သုံး‌နေတဲ့ “အမျိုးသားပြန်လည်သင့်မြတ်‌ရေး”ကို စစ်တပ်က စစ်အုပ်စု က ပျက်ရယ်ပြုတာဖြစ်ပါတယ်။ ဦး‌အောင်ကြည်ညွန့်က Myanmar Now မီဒီယာနဲ့ ‌တွေ့ဆုံ‌မေးမြန်းခန်းမှာ အခုလို ရင်ဖွင့်ထားပါ တယ်။ လိုသ‌လောက်ပဲ မူရင်းအတိုင်း ‌ကောက်နုတ်‌ဖော်ပြလိုက်ပါတယ်။

– “အဆိုရှင်တစ်‌ယောက်အ‌နေနဲ့ တကယ်‌ပြောရမယ်ဆိုရင်‌တော့ တကယ်ကို ‌လေး‌လေးနက်နက် ထားပြီး‌တော့ ရည်ရွယ်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်း‌တော့ ခရီး‌ရောက်ခဲ့ခြင်းမရှိဘူးလို့ ‌ပြောရမှာ‌ပေါ့”

– “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေရဲ့ အဓိကကျတဲ့ concept အနှစ်သာရပိုင်းကို လုံးဝ အထိမခံဘူးလို့ အ‌ဖြေထွက်တယ်။ ဘာ‌လေးပဲ ပြင်လို့ ရမလဲ ‌ရေးထုံး‌တွေနဲ့ စကားလုံးပဲပြင်လို့ရမယ်ဆိုတဲ့ အ‌ဖြေထွက်တယ်။ တစ်နည်းအားဖြင့် ဆိုရင် Sprit of Law ကို အထိမခံဘူး။ ရထားပြီးသားရှိ‌နေတဲ့ အ‌ခြေအ‌နေက‌နေ လုံးဝကို ‌နောက်မဆုတ်ဘူးလို့ ရပ်တည်ထားတဲ့သ‌ဘောမျိုးရှိတယ်”

– “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်ဖို့ လုပ်လိုက်တဲ့ အ‌နေအထားမျိုးအရဆိုရင် တပ်မ‌တော်အ‌နေအထားနဲ့က ဒီမိုက‌ရေစီအ‌ရွေ့ကို သွားတဲ့အခါမှာ တပ်ပိုင်းဆိုင်ရာနဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ ယူထားတဲ့ အခွင့်အ‌ရေး‌တွေထဲက တစ်‌ရွေးသားမှ ‌လျှော့မ‌ပေး နိုင်ဘူးဆိုတဲ့ ရပ်တည်ချက်မျိုးက‌တော့ ပုံ‌ပေါ်လာ‌နေတာ‌ပေါ့။ အဲဒီပုံ‌ပေါ်လာ‌နေတဲ့အတွက် တကယ့် ဒီမိုက‌ရေစီကို သွားဖို့ရာအ တွက် အများကြီးဆက်ပြီး ကြိုးစားကြရဦးမယ်၊ ရုန်းကန်ကြရဦးမယ်”

အားမနာစတမ်း‌ပြောရမယ်ဆိုရင် ဒီချုပ်ပါတီရဲ့ အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို ‌ရှေ့ရှုတဲ့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေး လွှတ်‌တော်တွင်းကြိုးပမ်းမှု”ဟာ လုံးလုံးလျားလျား အ‌ရေးနိမ့်သွားပါတယ်။

ဒီ‌တော့ ခြုံငုံသုံးသပ်ရရင် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့‌ပေမယ့် – လွှတ်‌တော်တွင်းမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဆိုလိုချင်တာ ဒီချုပ်ပါတီအစိုးရ ချမှတ်လုပ်‌ဆောင်ခဲ့တဲ့ မူဝါဒ (ဝါ) ရည်မှန်းချက်ပန်းတိုင်‌တွေ ဟာ ‌ပြော‌လောက် ဆို‌လောက်တဲ့ ‌အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ပါဘူး ဆိုတဲ့အချက်ပါပဲ။

ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေး၊ လျှပ်စစ်မီး စတဲ့ နယ်ပယ်‌တွေမှာ‌တော့ ‌အောင်မြင်မှု‌တွေ ရလဒ် ‌ကောင်း‌တွေ ရရှိခဲ့တာကို ‌တွေ့ရပါတယ်။ အစိုးရ‌ကောင်းတစ်ရပ်ရဲ့ ‌အောင်မြင်မှုကို‌တော့ သူတို့ချမှတ်‌ကြေညာထားတဲ့ မူဝါဒ၊ ‌ပေါ်လစီ‌တွေနဲ့ ရည်မှန်းချက်ပန်းတိုင်‌တွေ ဘယ်အတိုင်းအတာထိ ‌အောင်မြင်‌ပေါက်‌မြောက်ခဲ့သလဲဆိုတဲ့ အတိုင်းအတာနဲ့ပဲ တွက် ချက်ကြည့်ရှုကြရမှာ မဟုတ်ပါလား။

ဒီချုပ်ပါတီ အစိုးရဖြစ်‌နေတဲ့ပုံစံက ဗလအင်မတန်‌တောင့်တဲ့ လူသန်ကြီးက ကီလိုဂရမ် ၅ဝ ဘိလပ်‌မြေအိတ်တစ်အိတ် ကို ဟန်‌ရေးပြပြီး ‘မ’ ပြ‌နေတာမျိုးပါ။ ခရုအ‌ကောင်တစ်‌ထောင် ဖမ်းမိထားပြီလို့ သူ့ဗလမှ အားမနာဘဲ ကြွားဝါ‌နေသလိုဖြစ်‌နေပါ တယ်။

ဒီချုပ်ပါတီရဲ့ အကြပ်အတည်းက အဲဒီအချက်ပါပဲ။ ၂၀၁၅ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့တယ်။ ၅နှစ်နီးပါး ကြာမြင့်လာတဲ့အခါ လက်‌တွေ့ရရှိချက်က အနိုင်ရတာနဲ့ညီမျှတဲ့ ‌အောင်မြင်မှု – ‌အောင်ပွဲရလဒ် ကြီးကြီးမားမား မရခဲ့ ဘူး ဆိုတဲ့အချက်ပါ။

ဒီ‌တော့ ၂၀၂ဝပြည့်နှစ်‌ရွေး‌ကောက်ပွဲမှာ ၂၀၁၅ခုနှစ်အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာ အနိုင်ရသလိုမျိုး ‌သောင်ပြိုကမ်းပြို အနိုင်ရပါအုံးမလား။ (နိုင်‌တော့နိုင်အုံးမှာပဲ) ဒါ‌ပေမယ့် ၂၀၁၅ ခုနှစ်‌ရွေး‌ကောက်ပွဲနိုင်သလို အတိုင်းအတာမျိုး‌တော့ နိုင်လိမ့်မယ် မထင်ဘူးလို့ သုံးသပ်ထင်‌ကြေး‌ပေး‌နေသူ‌တွေက‌တော့ အများစုလိုလို ဖြစ်‌နေပါတယ်။

ဒီအချက်အလက်က‌နေ ဆက်ပြီးသုံးသပ်ရရင် ၂၀၁၅ ခုနှစ်က တခဲနက်အနိုင်ရရှိခဲ့တာ‌တောင် မဲဆန္ဒရှင်ပြည်သူ‌တွေ ထင်သလို ‌မျှော်လင့်သလို ဖြစ်မလာနိုင်ခဲ့တာ ၂၀၂ဝပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲပြီးတဲ့အခါမှာ (အကယ်၍) ဒီချုပ်ပါတီ အစိုးရဖွဲ့နိုင်ခဲ့‌သော် ဘာ‌တွေမှပိုမိုထူးခြားပြီး လုပ်‌ဆောင်နိုင်စရာ လမ်းမမြင်သလို ဖြစ်‌နေပါတယ်။ ပြဿနာ‌ဟောင်း ပြဿနာသစ် ‌တွေနဲ့ တဝဲလည်လည် ဖြစ်‌နေမှာပါပဲ။

ဒီလိုဖြစ်‌နေရတာဟာ “၂၀၀၈အ‌ခြေခံဥပ‌ဒေ‌ဘောင်”ထဲက ‌ရွေး‌ကောက်ပွဲ‌တွေမှာ အနိုင်ရလာတဲ့(‌သောင်ပြိုကမ်းပြို တစ်ခဲ နက်ပဲနိုင်နိုင်/ တစ်ဝက်တစ်ပျက်ပဲနိုင်နိုင်) ဘယ်ပါတီမဆို နိုင်ငံ‌ရေးအရ ကြိုတင်ပြီး အညွန့်ချိုးခံထားရတာ‌ကြောင့်ပဲ ဖြစ်ပါတယ်။ ‌ရွေး‌ကောက်ပွဲမှာ ပြည်သူအများစုရဲ့ တစ်ခဲနက်ဆန္ဒမဲနဲ့အနိုင်ရရှိလာမှုဟာ ကာချုပ်ဆိုတဲ့ စစ်တပ်ကို ချုပ်ကိုင်ထားသူ စစ်ဗိုလ် ချုပ်ကြီးတစ်ဦးရဲ့ သ‌ဘောထားဆန္ဒတစ်ခုထဲနဲ့ အလွယ်တကူ ပယ်ချနိုင်၊ ဖျက်သိမ်းနိုင်‌နေသမျှ ကာလပတ်လုံး နိုင်ပါလျက်နဲ့ အမြဲ ရှုံး‌နေရမှာပဲ ဖြစ်ပါတယ်။

ဒီအ‌ခြေအ‌နေကို လုံးဝ လှည့်‌ပြောင်းမပစ်နိုင်ဘဲ ‌ရွေး‌ကောက်ပွဲ‌တွေမှာ ဘယ်သူပဲ၊ ဘယ်ပါတီပဲ၊ ဘယ်လိုပဲ ယှဉ်ပြိုင် အနိုင်ရ‌နေပါ‌စေ။ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ‌မျှော်မှန်းချက်‌တွေဟာ ဘယ်‌တော့မှ အ‌ကောင်အထည်ဖြစ် ‌မြောက်လာနိုင်မှာ မဟုတ်ပါ ဘူး။ ဒါ‌ကြောင့် “နိုင်ပါလျက်နဲ့ အမြဲရှုံး‌နေရတယ်” ဆိုတာကို အရင်းစစ်လိုက်ရင် လိမ်ညာလှည့်ဖြားခံရတာပဲ မဟုတ်ပါလား။

“နိုင်ပါလျက်နဲ့ အမြဲရှုံး‌နေရတဲ့အ‌နေအထား” က‌နေ လွတ်‌မြောက်ဖို့ဆိုတာ ပြည်သူလူထုစွမ်းပကားနဲ့သာ ဖြစ်နိုင်ပါတယ်။ ဒါ‌ကြောင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို ဖျက်သိမ်းပစ်ကြပါစို့။