Home သတင်း လူထုဆန္ဒအတိုင်း မဲဆန္ဒနယ်မထပ်‌အောင် ကြိုးပမ်းမည်ဟု ပြည်နယ်အ‌ခြေစိုက် ကရင် ၂ ပါတီ‌ပြော

လူထုဆန္ဒအတိုင်း မဲဆန္ဒနယ်မထပ်‌အောင် ကြိုးပမ်းမည်ဟု ပြည်နယ်အ‌ခြေစိုက် ကရင် ၂ ပါတီ‌ပြော

2926

ဧပြီလ ၁ဝ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

ကရင်ပြည်သူလူထုများ ဖြစ်‌စေချင်‌သော ဆန္ဒသ‌ဘောထားအရ ၂၀၂ဝ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး ‌ကောက်ပွဲအတွက် ဝင်‌ရောက်ယှဉ်ပြိုင်ရာတွင် ကရင်ပါတီများအချင်းချင်းမဲဆန္ဒနယ်‌မြေ မထပ်‌အောင် ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်းပြည်နယ်အ‌ခြေစိုက် ကရင် ၂ ပါတီမှ ထုတ်‌ဖော် ‌ပြောဆိုလိုက်သည်။

ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီများ၏ လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲဝင်‌ရောက်ယှဉ်ပြိုင်မည့် အ‌ခြေအ‌နေ များနှင့်ပတ်သက်၍ မဲဆန္ဒရှင် ကရင်ပြည်သူလူထုများအကြား ရှုပ်‌ထွေး‌ဝေဝါးမှုများ ဖြစ်‌ပေါ်‌နေသည့်အ‌ပေါ် ထိုကရင်နိုင်ငံ‌ရေးပါတီ ၂ ပါတီ၏ ပါတီ‌ခေါင်း‌ဆောင်များအား ဆက်သွယ်‌မေးမြန်းရာတွင် ယခုလို ထုတ်‌ဖော်‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက “ပြည်သူလူထု ဖြစ်‌စေချင်တဲ့ ဆန္ဒကို အ‌ကောင်အထည် ‌ဖော်ချင်သည့်အတွက် သူ(PSDP)‌ရော ကျန်တဲ့ ကရင်ပါတီ‌တွေနဲ့ပါ မဲဆန္ဒနယ်‌မြေတစ်ခုမှာ မထပ်‌အောင်‌တော့ အတတ်နိုင်ဆုံး ကြိုးစားညှိနှိုင်းသွားပါမယ်” ဟု ယမန်‌နေ့ (ဧပြီ ၉ ရက်)တွင် ‌ပြောသည်။

ထို့အတူ KNDP နှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDPပါတီ ၂ ခု စလုံးမှ ကရင်ပြည်နယ်အတွင်း အဓိက ထား ယှဉ်ပြိုင်မည်ဟု အသီးသီး ထုတ်‌ဖော်‌ပြောဆိုမှုများရှိခဲ့သည့်အတွက် မဲဆန္ဒနယ်အငြင်းပွားမှုကိစ္စများမှ အစပြုကာ ကရင်ပါတီများအချင်းချင်း မသင့်မြတ်သည့် အ‌ခြေအ‌နေများဖြစ်လာမည်ကို စိုးရိမ်‌ကြောင်း မဲဆန္ဒရှင် ကရင်ပြည်သူလူထုအချို့၏ ထုတ်‌ဖော်‌ပြောဆိုမှုများလည်း ရှိခဲ့သည်။

အဆိုပါကိစ္စရပ်များ မဖြစ်‌ပေါ်‌စေ‌ရေးအတွက် ပြည်နယ်အ‌ခြေစိုက် ကရင် ၂ ပါတီမှ ဆက်လက်‌တွေ့ ဆုံညှိနှိုင်း ရန်ရှိ‌နေပြီး ကရင်ပါတီများအချင်းချင်း ယှဉ်ပြိုင်ခြင်းမျိုးကို ‌ရှောင်ရှားသွားမည်ဖြစ်‌ကြောင်းလည်း PSDP ဥက္ကဌ ‌စောခင်‌မောင်မြင့်က ယခုလို‌ပြောသည်။

PSDP ဥက္ကဋ္ဌ ‌စောခင်‌မောင်မြင့်က “မဲဆန္ဒနယ်တစ်ခုမှာ ကရင်ပါတီ ၂ ခုဝင်တာမျိုး လုံးဝ ‌ရှောင်ရှားသွားမယ်လို့ သ‌ဘောတူထားတယ်။ မဲဆန္ဒနယ်‌လေး နည်းနည်း‌တော့ ခွဲရမှာ‌ပေါ့။ အဓိကက ကရင်ပါတီ အချင်းချင်း ပြန်ပြိုင် တာ‌တော့ လုံးဝကို ‌ရှောင်ရှားသွားမယ်” ဟု‌ပြောသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများအချင်းချင်း မဲဆန္ဒ ထပ်‌နေသည့် နယ်များစွာရှိခဲ့ခြင်း‌ကြောင့် အ‌ရေးနိမ့်ခဲ့ရခြင်းဖြစ်‌ကြောင်း လူထုများမှ ‌ဝေဖန်‌ထောက်ပြမှုများ အ‌ပေါ် ယခု ၂၀၂ဝ တွင် ထိုသို့မဖြစ်‌အောင် ကရင်ပါတီများအချင်းချင်း ‌တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည် ဟု သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အ‌ခြေစိုက်(KNDP) နှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန် အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသားပါတီ(KNP)တို့ တရားဝင် နိုင်ငံ‌ရေးပါတီများအဖြစ် ရပ်တည် လှုပ်ရှားလျက် ရှိသည်။