ဧပြီလ ၃ ရက်၊၂၀၂ဝ ပြည့်နှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် နေထိုင်သည့် စစ်ရှောင်ပြည်သူများသည် လတ်တလော ကမ္ဘာတဝှမ်း ကူးစက်မှုမြန်ဆန်သည့် Covid -19 ရောဂါထက် ဆန်ရိက္ခာ ပြတ်လပ်တော့မည့် အခြေအခြေအနေကို ပိုမိုစိုးရိမ်နေရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
စခန်းရှိ လူထုအတွက် အစိုးရမှ ထောက်ပံ့ပေးထားသည့် ဆန်များသည် လက်ရှိအချိန်တွင် အရက်၂ဝ စာသာ ကျန်ရှိတာကြောင့် ဧပြီလ တစ်လလုံးစာအတွက် ဆန်မလောက်တော့သလို အလှူရှင်မရှိပါက စခန်းရှိ မိသားစု များအတွက်အခက်အခဲများစွာ ကြုံတွေ့နိုင်မည်ဖြစ်သည်ဟု မြိုင်ကြီးငူရှိ အေးလင်းမြတ်ရှင်စခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် စောရွှေထွန်းက ကေအိုင်စီသို့ ယခုလိုပြောသည်။
၎င်းက “ကျနော်တို့မှာလက်ရှိ စားဖို့သောက်ဖို့အတွက်က အခုရောဂါထက်တောင် စိုးရိမ်ရပါတယ်။ ဒီဆန်ကုန် ရင် ဝယ်စားဖို့က ပိုက်ဆံမရှိဘူး။ ရောဂါအပိုင်းကတော့ လူဝင်လူထွက်တွေတားမြစ်ထားတာတွေရှိတယ်။ မလို အပ်ရင်အပြင်မထွက်ဖို့ လုပ်ထားတာရှိတယ်။ ဆန်ကုန်တော့မယ့်အခြေအနေက သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ် ရေးမှူးထံမှာတော့ တင်ပြထားခဲ့တယ်။ ဆန်လာပေးမပေးတော့ မသိသေးဘူး။ အပြင်မှာ အလုပ်ထွက်လုပ် တော့လည်း အဆင်မပြေတော့ ဆန်ပြတ်သွားမှာကို စိုးရိမ်ရဆုံးပါပဲ ”ဟု စောရွှေထွန်းက ပြောသည်။
အပြင်သို့ နေ့စားအလုပ်ထွက်လုပ်ကြသည့် စခန်းရှိ မိသားစုဝင်များသည် လက်ရှိ Covid19 ရောဂါ အခြေ အနေကြောင့် မိသားစုရှိရာစခန်းတွင် ပြန်လာနေထိုင်သူများလာသည့်အတွက် စခန်းအတွင်းရှိ လူဦးရေမှာ ယခင်ထက်များလာကာ လက်ရှိ လူဦးရေ ၈,၀၀ဝ ကျော်အထိ ရှိလာသည်ဟု စခန်း၏ စာရင်းအရ သိရသည်။
အဆိုပါစခန်းရှိ နေထိုင်သည့်မိသားစုဝင်များသည် စားဝတ်နေရေး အခြေအနေကြောင့် အပြင်ထွက် အလုပ် လုပ်မှုရှိပြီး အဝင်အထွက်လုပ်ရခြင်းတု့ိကြောင့် လူဦးရေစာရင်း အပြောင်းအလဲအမြဲရှိသည်ဟု သိရသည်။
စခန်းရှိလူထုအတွက် အခြေခံစားနပ်ရိက္ခာနှင့်ပတ်သက်၍ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄ ) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နန်းမိုးမိုးထွေးက “ ပြီးခဲ့တဲ့ ၁ လကကျော် ပြည်ထောင်စုဝန်ကြီးလာတုန်းက သူတို့ အတွက်ရိက္ခာဆန်ဝယ်ဖို့အတွက် ဆရာတော်ဆီမှာ ပိုက်ဆံလှူတာတွေလည်း ရှိတာပေါ့နော်။ ရိက္ခာအတွက် ကတော့ အဲလောက်အထိတော့ စိုးရိမ်စရာမရှိပါဘူး။ သူတို့အတွက်ဆန်တွေကတော့ မြို့နယ်မှာ အမြဲတမ်း ရံပုံ ငွေထားထားပါတယ်။ မြို့နယ်မှာမရှိရင်တောင်မှ ပြည်နယ်နဲ့ချိတ်ပြီးတော့ပြည်နယ်အစိုးရက သူတို့ အတွက် ကြည့်ပေးနေတာပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသားတပ်မတော် ( ခွဲထွက် ဒီကေဘီအေအဖွဲ့)တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက် ပြေးတိမ်းရှောင်လာသူ စစ်ရှောင်ပြည်သူများကို ခိုလှုံနေထိုင်ရန် မြိုင်ကြီးငူ စစ်ရှောင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ စစ်ရှောင်စခန်းကို ၄ နှစ်ကျော်ကြာ ဖွင့်လှစ်ထားပြီဖြစ်ကာ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် စစ်ရှောင် ပြည်သူများမှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးသလို ၎င်းစခန်းကို ပိတ်သိမ်းသွားရန် အစိုးရ ဘက်မှ အစီအစဉ်ရှိထားကြောင်းလည်း သိရသည်။



















