ဧပြီလ ၁၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ကေအိုင်စီ
နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ဧပြီလ ၁၇ ရက်နေ့(မြန်မာနှစ်ဆန်း ၁ ရက်)တွင် ဖားအံ အ ကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၂၃၉ ဦးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည် လွှတ်မြောက်လာ သည်ဟု သိရသည်။
တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ စခန်းအသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသား၊ နိုင်ငံခြားသားများအပါအဝင် ၂၄,၈၉၆ ဦးကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က)အရ အကျဉ်းထောင်၊ စခန်းအသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသားများကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖားအံအကျဉ်းထောင်နှင့် စခန်းများမှ ပြန်လည်လွတ်မြောက်လာသူ အများ စုမှာ မူးယစ်းဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ အများဆုံးပါဝင်သည်ဟုသိရပြီး ထိုအထဲမှ အမျိုးသား ၁၉၁ ဦး၊ အမျိုးသမီး ၄၁ ဦးအပြင် နိုင်ငံခြားအကျဉ်းသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၃၉ ဦးဖြစ် သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ စခန်းများမှ အကျဉ်းသား ၉,၅၃၅ ဦး ပြန်လည်လွတ်မြောက်ခဲ့ရာ ဖားအံအကျဉ်းထောင်နှင့်စခန်းများမှ စုစုပေါင်း ၂၅၉ ဦးပါဝင်သည်ဟု သိရသည်။