Home သတင်း မြဝတီတွင် ညမထွက်ရအမိန့် ချိုး‌ဖောက်သူများအား ဒဏ်‌ငွေ (၅)‌သောင်း (သို့မဟုတ်) ‌ထောင်ဒဏ် (၁)လ ချမှတ်

မြဝတီတွင် ညမထွက်ရအမိန့် ချိုး‌ဖောက်သူများအား ဒဏ်‌ငွေ (၅)‌သောင်း (သို့မဟုတ်) ‌ထောင်ဒဏ် (၁)လ ချမှတ်

2338
Photo: Nay Naw

ဧပြီ ၂၂ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ဧပြီလ ၁၈ ရက်‌နေ့က ထုတ်ပြန်ထားသည့် ည ၁ဝ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ချိုး‌ဖောက်သူများအား တစ်ဦးလျှင် ဒဏ်‌ငွေ ၅ ‌သောင်းကျပ်(သို့မဟုတ်) ‌ထောင်ဒဏ် (၁)လစီ ချမှတ်ခဲ့‌ကြောင်း သိရသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားရှိမှုအား ဧပြီလ ၂ဝနှင့် ၂၁ ရက်‌နေ့များတွင် လိုက်နာမှုမရှိသူ (၆၄) ဦးကို မြို့နယ်တရားရုံးမှ တစ်ဦးလျှင် ဒဏ်‌ငွေ(၅)‌သောင်းကျပ် ကျခံ‌စေရန်နှင့် ၎င်းတို့မှ ဒဏ်‌ငွေ(၅) ‌သောင်း မ‌ပေး‌ဆောင်နိုင်ပါက ‌ထောင်ဒဏ်(၁)လ ကျခံ‌စေရန် ယ‌နေ့ (မတ်လ ၂၂ရက်) တွင် အမိန့်ချမှတ်ခဲ့သည်ဟု မြဝတီမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက ‌ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ မြဝတီမြို့တွင် ဧပြီလ ၁၈ ရက်‌နေ့က ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး ‌နောက် မြဝတီခရိုင်အတွင်းရှိ ရပ်ကွက်၊ ‌ကျေးရွာများတွင် ပြည်သူများ သိရှိလိုက်နာနိုင်ရန် အသံချဲ့ စက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့်အသိ‌ပေး‌ကြေညာခဲ့သလို မြဝတီခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် အတူပူး‌ပေါင်း အဖွဲ့များမှ ည ၁ဝ နာရီ‌နောက်ပိုင်း လှည့်ကင်းရပ်ကင်းများ ‌ဆောင်ရွက်၍ ဧပြီလ ၁၈ ရက်နှင့် ၁၉ရက် ရက်‌နေ့တို့တွင် အသိပညာ‌ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

Photo: Nay Naw

ထိုသို့ အသိပညာ‌ပေး‌ဆောင်ရွက်ခဲ့ပြီး‌နောက် ဧပြီလ ၂ဝ ရက်နှင့်၂၁ ရက်‌နေ့များတွင် စတင်၍ ဖမ်းဆီး အ‌ရေးယူမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ ညများတွင် ညမထွက်ရအမိန့် လိုက်နာမှုမရှိသူ ၆၄ ဦးအား ဖမ်းဆီး ရမိခဲ့သည်။

ထိုဖမ်းဆီးရမိသူ (၆၄)ဦးအား မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက တရားလိုပြုလုပ်ကာ မြို့နယ် တရားရုံးသို့ ‌လျှောက်ထားရာ မြဝတီမြို့နယ်တရားရုံးမှ တစ်ဦးလျှင် ဒဏ်‌ငွေ (၅) ‌သောင်းကျပ် ချမှတ်ခဲ့ပြီး ယင်း‌ငွေဒဏ် မ‌ပေး‌ဆောင်နိုင်ပါက ‌ထောင်ဒဏ်(၁)လ ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ယ‌နေ့ (ဧပြီလ ၂၂ ရက်)အထိ Covid-19 Positive လူနာ မရှိ‌သေး ‌သော်လည်း Covid-19 အ‌ရေး‌ပေါ်ကာလ၌ ကရင်ပြည်နယ် ၇ မြို့နယ်ရှိသည့်အနက် ပြည်နယ် အစိုးရအဖွဲ့၏ အမိန့်‌ကြေညာစာအမှတ် (၄/၂၀၂၀)အရ နယ်စပ်မြို့ဖြစ်သည့် မြဝတီခရိုင်တွင်သာ ည ၁ဝ နာရီမှ မနက် ၄ နာရီ အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်း ဖြစ်သည်။