ဧပြီ ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောရှား
ကရင်ပြည်နယ်တဝှမ်းလုံးတွင် ယနေ့(ဧပြီ ၁ ရက်)အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး(Covid-19 )မတွေ့ရှိ သေးသော်လည်း စောင့်ကြည့်လူနာ ၂၃ ဦးအထိရှိခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ကေအိုင်စီသို့ ပြောသည်။
ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ စောင့်ကြည့်လူနာ၂၃ ဦးထဲတွင် ၁၅ ဦးမှာ ရောဂါပိုးမတွေ့ရှိဘဲ ကျန် ၈ ဦးမှာ ဓာတ်ခွဲစစ်ဆေးရန် ကျန်ရှိနေကြောင်း ဝန်ကြီးက ယခုလို ပြောသည်။
“ဒီနေ့အချိန်အထိတော့ စောင့်ကြည့်လူနာ ၂၃ ယောက်ရှိတယ်။ အဖြေစောင့်နေတာကတော့ ၈ ယောက် လောက်ရှိမယ်။ (ရောဂါပိုးမတွေ့တဲ့) negative ဆိုရင်တောင် ကျနော်တို့ ပြန်မလွှတ်သေးဘူး။ ၁၄ ရက်ထားပြီး တော့မှ (နေရပ်) ပြန်ပို့တယ်။” ဟု ဝန်ကြီး ဦးဘိုဘိုဝေမောင်က ယနေ့(ဧပြီ ၁ရက်)တွင် ပြောသည်။
မတ်လဆန်းပိုင်းမှ ဧပြီလ ၁ ရက်နေ့အထိ ကရင်ပြည်နယ်စပ်မှ ပြန်လည်ဝင်ရောက်လာသော စောင့်ကြည့် လူနာများအပါအဝင် ၂၃ ဦးအထဲတွင် ၁ ဦးကသာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ ဖြစ်ပြီး ကျန် ၂၂ ဦးမှာ ကရင်ပြည်နယ်သားများဖြစ်သည်ဟု ဝန်ကြီး ဦးဘိုဘိုဝေမောင်က ဆက်ပြောသည်။
ထိုင်းနိုင်ငံမှ တဆင့် ကရင်ပြည်နယ်စပ်မှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအတွက် Quarantine (ရောဂါမပျံ့နှံ့အောင် ကာဆီးတားခြင်း) ၁၄ ရက်ကာလအဖြစ် မြဝတီမြို့နှင့် ဖားအံမြို့များတွင် စင်တာ ၁၆ ခု စီစဉ်ပေးထားသည်ဟု ပြည်နယ်အစိုးရက ပြောသည်။
အခြားဒေသများတွင် ရောဂါကူးစက်၊ သေဆုံးမှုများရှိနေသည့်အတွက် ကရင်ပြည်နယ်အတွက်လည်း စိုးရိမ်မိကြောင်း ဖားအံမြို့တွင်နေထိုင်သူ Miss Ethnic Myanmar 4th Runner up (2020)ဆုရှင် နန်းကြည်လဲ့လဲ့စိုးက ယခုလို ပြောကြားသည်။
နန်းကြည်လဲ့လဲ့စိုးက “ မိမိတဦးတည်းနဲ့မဆိုင်ပဲ မိမိချစ်တဲ့မိသားစု၊ တပြည်လုံးနဲ့ဆိုင်တဲ့အတွက် အထူး ဂရုစိုက်ဖို့ပါ။ ဒါကြောင့် လူစုလူဝေးမလုပ်ဖို့နဲ့ အပြင်သွားတိုင်း maskကိုတပ်၊ မလိုအပ်ရင်မသွားဖို့၊ ကျန်းမာ ရေးနှင့် အားကစာဝန်ကြီးဌာနက မှာကြားထားတဲ့အတိုင်း သတိပြုလိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။” ဟု ပြောသည်။
ဧပြီ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကူးစက်ခံထားရသူ ၁၅ ဦးအနက် ၁ ဦးသေဆုံးပြီး ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ ၂ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ယနေ့အထိ ကရင်ပြည်နယ်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် (Covid-19) ကူးစက်ခံထားရသူ ၁,၇၇၁ ဦးရှိသည့်အနက် ၁၂ ဦးသေဆုံးခဲ့ပြီဖြစ်သလို ကမ္ဘာတစ်ဝှမ်းလုံး အတိုင်းအတာအရ လူဦးရေ ၈ သိန်းခွဲကျော် ကူးစက်ပြီး ၄ သောင်းကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။



















