ဧပြီလ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်တွင် Covid-19 ကပ်ရောဂါကြောင့် လတ်တလော ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့် ခေတ္တပိတ်ထားနေရဆဲဖြစ်သည့်အတွက် ကပ်ရောဂါကာလရှည်ကြာပါက ပြည်နယ်အတွင်း ဟိုတယ်နှင့် တည်း ခိုခန်း လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်း တာဝန် ရှိသူများက ပြောဆိုသည်။
ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကပ်ရောဂါကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိရပြီးနောက် ၎င်းနှင့်ဆက်စပ်ပြီး ပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများမှာ ပြီးခဲ့သည့် မတ်လကုန်မှ စတင်ကာ ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုလို ဟိုတယ်၊ တည်းခိုခန်းများ ပိတ်ထားလိုက်ခြင်းဖြစ်သည်ဟု လည်းသိရသည်။
ကရင်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းက“ ဟိုတယ်တော်တော်များများက ဘဏ်မှာ ဘဏ်ချေးငွေယူထားပြီး လည်ပတ်နေတာပေါ့ ။ ဘဏ်အတိုးကိုလည်းပေးရတဲ့အကန့်တွေရှိတယ်။ ဧည့်သည်မရှိတော့ ဝင်ငွေမရှိတော့ဘူး။ ဘဏ်အတိုးနှုန်းက အိတ်စိုက်ပြီးပေးရတဲ့အနေအထားရှိတယ်။ ဒီ တစ်လနှစ်လအတွင်းမှာ ဒီအတိုင်းဆက်ပိတ်ရပြီး တိုးတက်မှုမရှိလာရင် ဘယ်လိုလုပ်ငန်းတွေပြောင်း လုပ်ရ မလဲ နည်းနည်းရှုတ်ထွေးမှုတွေရှိလာတယ်။ ဝန်ထမ်းတွေအတွက်က လုပ်ငန်းရှင်တွေက တောင့်ပြီးပေးထား တယ်။ ဒီထက်ကြာရင်တော့ လုပ်ငန်းရှင်ဘက်က ပေးနိုင်မှာမဟုတ်တော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။
ကရင်ပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၆၀ကျော်ရှိသည်ဟု သိရပြီး အများစုမှာ ခေတ္တပိတ်ထား သော်လည်း ဖွင့်လှစ်ထားဆဲဖြစ်သည့် ဟိုတယ်အချို့တွင် ဧည့်သည်ဝင်ရောက်တည်းခိုမှုမရှိသည့်အတွက် ကာလကြာရှည်မည်ဆိုပါက ဝန်ထမ်းများအတွက်ပါ ခက်ခဲလာနိုင်ကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
“ဟိုတယ်တို့၊ တည်းခိုခန်းတို့ အကုန်လုံးပိတ်ရမယ်ဆိုပြီး အစိုးရက ညွှန်ကြားထားတာမရှိဘူး။ အပြင်မထွက်ရ အိမ်မှာပဲနေကြတာဆိုတော့ ဘယ်သူမှ ဟိုတယ်ကိုလည်း လာမတည်းကြပါဘူး ။ တစ်ယောက်နှစ်ယောက် လာ တည်းရင်လည်း ဟိုတယ် ဘက်ပြန်ကြည့်ရင်လည်း အဆင်မပြေတော့ ဟိုတယ်ကို ယာယီခဏ ပိတ်ထား လိုက်တယ်။ အများစုက ၃ လပိုင်းကုန်ခါနီးတုန်းက ပိတ်ထားကြတယ်” ဟု ဖားအံမြို့ရှိ Hotel Prefect ပိုင်ရှင် ဦးဇော်ဌေးက ပြောသည်။
ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကရင်ပြည်နယ်တွင် ခရီးသွားဧည့်သည်ဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ် များပြားလာမှုကြောင့် နှစ်စဉ်မတ်လနှင့် ဧပြီလများမှာ ခရီးသွားဧည့်သည် အဝင်အထွက်အများဆုံး လဖြစ်သလို ဟိုတယ်လည်ပတ်မှု အကောင်းဆုံးလများ ဖြစ်သည်ဟုလည်း ဟိုတယ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရ သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ဧပြီလ ၂ဝ ရက်နေ့အထိ မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း ၁၁၁ဦးရှိပြီဖြစ်ကာ လက်ရှိအချိန်ထိ ကရင်ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ မရှိသေးကြောင်း သိရသည်။