Home သတင်း ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌ဖြေဆိုသူ နှစ်စဉ်တိုးလာ

ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌ဖြေဆိုသူ နှစ်စဉ်တိုးလာ

3943

မတ်လ ၅ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့်သူ နှစ်စဉ်တိုးလာပြီး ယခုနှစ် ဦး‌ရေ ၂ ‌သောင်း‌ကျော်‌ဖြေဆိုရန် စာရင်းရရှိထား‌ကြောင်း ပြည်နယ်ပညာ‌ရေးမှူး ‌ဒေါ်မြင့်မြင့်ဝင်းက ယ‌နေ့(မတ်လ ၅ ရက်)၌ ‌ပြောသည်။

“‌ကျောင်း‌နေတဲ့လူ များလာလို့ပဲ ‌ဖြေဆိုတဲ့လူဟာ နှစ်စဉ်တိုးလာတယ်။ မနှစ်ကလည်း တိုးတယ်။ ဒီနှစ်လည်း ၃ ‌ထောင်နီးပါးတိုးလာတယ်။ ဒါ‌ပေမယ့် စာရင်းရှိ ဦး‌ရေထက် ‌ဖြေတဲ့အခါ ပျက်ကွက်‌တွေက‌တော့(အနည်းငယ်) ရှိဦးမှာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင်၂၀၁၇ ခုနှစ်က တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုခဲ့သည့်‌ကျောင်းသားဦး‌ရေ ၁၇,၃၆၇ ဦး၊၂၀၁၈ ခုနှစ်တွင် ၁၉,၀၅၄ ဦး၊ ယမန်နှစ်(၂၀၁၉)တွင် ၁၉,၂၈၉ ဦးရှိခဲ့ရာမှ ယခုနှစ်(၂၀၂၀)အတွက်၂၂,၂၇၈ ဦးစာရင်း ရှိ‌နေခြင်း‌ကြောင့် နှစ်စဉ်တိုးလာ‌ကြောင်း ပညာ‌ရေးမှူးရုံးမှ သိရသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်တွင် ယမန်နှစ်(၂၀၁၉)က စာစစ်ဌာန ၄၆ ခုရှိခဲ့ရာမှ ယခုနှစ်တွင် စာစစ်ဌာန ၅ဝ ခုရှိပြီး မတ်လ ၁၁ ရက်‌နေ့မှ ၂ဝ ရက်‌နေ့အထိ ‌ဖြေဆိုသွားကြမည်ဟု ပြည်နယ် ပညာ‌ရေးမှူး ‌ဒေါ်မြင့်မြင့်ဝင်းက‌ပြောသည်။

ထို့အထဲတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများဖြစ်‌သော ဆာသူး‌လေ ‌ကျောင်း၊ SAW ‌ကျောင်း၊ ‌သွေးသစ်‌ကျောင်းများမှ ‌ကျောင်းသားစုစု‌ပေါင်း ၁၀၆ ဦးတို့ကလည်း မြဝတီမြို့နယ် စာစစ်ဌာနများတွင် ယခုနှစ် တက္ကသိုလ်ဝင်ခွင့် စာ‌မေးပွဲ‌ဖြေဆိုရန် စာရင်း‌ပေးထား‌ကြောင်းလည်း သိရသည်။

‌ဖြေဆိုသူ နှစ်စဉ်တိုးလာ‌သော်လည်း ၂၀၁၇ ခုနှစ်၏ ကရင်ပြည်နယ်‌အောင်ချက်သည် ၂၉.၄၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင်၂၉.၄၅ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၂၇.၆၇ ရာခိုင်နှုန်းဖြင့် ‌အောင်ချက်အနည်းငယ် ကျဆင်း လာ‌ကြောင်း ပြည်နယ်ပညာ‌ရေးမှူးရုံး စာရင်းများအရ သိရသည်။