မတ်လ ၂ဝ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ စောမြတ်ဦးသာ
တနသင်္ာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ဒေသခံများ ထိခိုက်ဆုံးရှုံးမှုရှိပြီး အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီ-NMSPတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေး ကြိုးပမ်းသွားမည်ဟု မတ်လ ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က ကြေညာချက် ထုတ်ပြန်၍ ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လျှောက်လှမ်းနေသည့်ကာလအတွင်း အတိတ်သမိုင်းကြောင်း၏ ခါးသီးမှုကို သင်ခန်း စာယူပြီး ပြည်သူလူထု၏ဘဝအိုးအိမ် ဖွံ့ဖြိုးတိုးတက်အောင် ဘဝတူတိုင်း ရင်းသားများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရန် ထုတ်ပြန်ကြေညာအပ်သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက “ အခြေအနေအလုံးစုံ မသိတဲ့အပေါ်မှာ မှတ်ချက်ပြောလို့ မရသေးဘူးပေါ့နော်။ လူထုတွေရဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းတွေ ထိခိုက် တာတော့ မဖြစ်သင့်ဘူး။ အောက်ခြေကနေ ခရိုင်အဆင့် ညှိနှိုင်းသွားရတာပေါ့” ဟု မတ်လ ၁၇ ရက်နေ့က ကေအိုင်စီ သို့ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်နှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တို့၏ ကလယ်ဂွင်နှင့် အိုင်ရှည်ဂွင်နေရာတွင် ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်၊ မတ်လ ၁ ရက်နှင့် မတ်လ ၁၁ ရက်နေ့များတွင် ဒေသခံ အချို့မှ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ကိုယ်လက်အဂင်္ါဆုံးရှုံးခဲ့ရပြီး ပြည်သူများအေးချမ်းစွာ လုပ်ကိုင်စား သောက် နိုင်ရန် မိမိတို့ နှစ်ဖွဲ့စလုံးမှာ အပြည့်အဝ တာဝန်ရှိသည်ဟု မွန်ပြည်သစ်ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ် ဒုလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “ မိုင်းကြောင့် ထိခိုက်နစ်နာသွားတဲလူတွေ ဘယ် လိုမှ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ အစိုးရအဖွဲ့၊ JMC-S ရော ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရော ဝိုင်းပြီးကြီးကြပ်ပေးဖို့ အကြိမ်ကြိမ်တိုက်တွန်းထားပြီးသား။ အခုလည်း မိုင်းထပ်ပေါက်တယ်။ လက်မခံနိုင်တဲ့ ကိစ္စပါ။ သူတို့စီးပွားရေး စားဝတ်နေရေးတွေ အများကြီးဒုက္ခရောက်တယ်” ဟု မတ်လ ၁၇ ရက်တွင် ပြော သည်။
မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံးတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် -NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား မကြာခဏ ပစ်ခတ်မှုဖြစ်ပွားလေ့ရှိသည်။



















