မတ် ၂၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောရှား
ကရင်ပြည်နယ်တဝှမ်းလုံးတွင် လက်ရှိအချိန်(မတ်လ ၂၇ ရက်)အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး(Covid-19 ) ဖြစ်ပွားကူးစက်ခံရသူ မတွေ့ရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ကရင်ပြည်နယ်တွင် စောင့်ကြည့်လူနာပေါင်း ၈ ဦးခန့်ရှိခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ ယနေ့ အချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးမတွေ့ရှိကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ကေအိုင်စီ သို့ ယခုလိုပြောသည်။
“မနေ့ညတုန်းကအထိ စောင့်ကြည့်လူနာအားလုံးက ကရင်ပြည်နယ်မှာ Negative ဖြစ်လို့ စစ်ဆေးဆဲ စောင့် ကြည့်လူနာက မရှိသေးဘူးခင်ဗျ။ ဒီညနေလောက်မှ စောင့်ကြည့်လူနာ စာရင်းကို ဒီထက် တင်လို့ရမယ်။” ယ နေ့(မတ်လ ၂၇ ရက်)တွင် ပြောသည်။
ထို့အပြင် မိမိကိုယ်တိုင်ဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ ရောဂါဖြစ်ပွားနိုင်သည့် သံသယရှိပါက သို့မဟုတ် ဝေခွဲမရ ပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြားသတင်းပို့ပေးကြရန်လည်း ဝန်ကြီး ဦးဘိုဘိုဝေမောင်က တိုက်တွန်းပြောဆိုသည်။
မတ်လ ၂၂ ရက်မှ ၂၇ ရက်နေ့အထိ ကရင်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများမှာ လူဦးရေ ၂ သောင်းကျော်ရှိခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ထိုအထဲတွင် ပဲခူးတိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးအနေဖြင့် ကရင်ပြည်နယ်၊ တတိယ အများဆုံးအဖြစ် မွန်ပြည်နယ်တို့မှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်းလည်း ဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောသည်။
ကရင်ပြည်နယ်မှတဆင့် သောင်းချီ၍ ပြည်လည်ဝင်ရောက်လာနေသော ရွှေ့ပြောင်းအလုပ်သမားနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ဖားအံမြို့တွင်နေထိုင်သူ KNDP-ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဗဟိုအတွင်းရေးမှူး(၂) နော်သဇင်တုပ်က ယခုလို သုံးသပ်သည်။
နော်သဇင်တုပ်က “ရောဂါကူးစက်မှာစိုးရိမ်ရသလို အလုပ်ပြန်လာလုပ်ဖို့ အခွင့်အရေးတွေလည်း နည်းသွားနိုင် တယ်၊ ပြန်ထွက်ဖို့အခက်အခဲလည်းရှိနိုင်မလားပေါ့။ ဟိုဘက်(ထိုင်းနိုင်ငံ) ကလည်း အလုပ်သမားတွေခေါ်ဖို့ အတော်စဉ်းစားလာမယ်ထင်တယ်။ အလုပ်လက်မဲ့၊ စားဝတ်နေရေး၊ ပူစရာပေါ့။” ဟု ပြောသည်။
မတ်လ ၂၇ ရက်နေ့အထိ ကရင်ပြည်နယ်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19 ) ကူးစက်ခံထားရသူ ၁,၁၃၆ ဦးရှိသည့်အနက် ၅ ဦးသေဆုံးခဲ့ပြီဖြစ်သလို မြန်မာနိုင်ငံတွင်လည်း ရန်ကုန်၊ မန္တလေးနှင့် ချင်းပြည်နယ်တို့၌ ကူးစက်ခံထားရသူ ၅ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။