ဇန်နဝါရီ ၁၂ရက်၊ ၂၀၂ဝခုနှစ်။ ကေအိုင်စီ
ဖာပွန်မြို့နယ်ရှိ ကန်ညီနောင်ကျေးရွာသားတစ်ဦးမှာ ယနေ့မနက် ရာဘာစေးခြစ်ရန် သွားရာမှ မိုင်းထိမှန်ကာ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရရှိပြီး ယခုအချိန်တွင် ဖားအံဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း ကေအိုင်စီက သတင်းရရှိသည်။
မြိုင်ကြီးငူဆေးရုံဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက “ဒီမနက် ၃း၃ဝနာရီ ရာဘာခြစ်အသွား မိုင်းထိတာ။ သွားတာ အဖော် တစ်ဦး ပါတယ်။ ထိတာတော့ တစ်ယောက်တည်းပဲ။ ဖြစ်ဖြစ်ချင်းတော့ မြိုင်ကြီးငူဆေးရုံကို အရင်ရောက်တယ်။ အခု က ဖားအံဆေးရုံရောက်နေပါပြီ။”ဟု ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
မိုင်းထိမှန်သူမှာ အသက် ၄၆နှစ်အရွယ် ကန်ညီနောင်ရွာသား ဦးမောင်အုန်းတင်ဖြစ်ပြီး ၎င်းရွာ၏အထက်ရှိ ထီးဖာဒို့ ခီးတွင် မိုင်းနင်းမိသောကြောင့် ဘယ်ဘက်ခြေဖျားပြတ်ကာ ညို့သကျည်း ကြေသွားကြောင်း အဆိုပါနီးစပ်သူက ပြောဆိုသည်။
ယခုဖြစ်စဉ်သည် ၂၀၂ဝ နှစ်ဆန်းပိုင်းတွင် ကရင်ပြည်နယ်၌ ပထမဦးဆုံး မိုင်းထိမှန်မှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။


















