ဇန်နဝါရီ ၁ဝ ရက်၊ ၂၀၂ဝ ခုနှစ်။ စအိုင်ဆူး
ဖက်ဒရယ် ပြည်ထောင်စု စနစ်သည် မြန်မာနိုင်ငံအတွက် အားအကောင်းဆုံး အုပ်ချုပ်မှု စနစ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ကရင်ပြည်နယ်သို့ လာရောက်လေ့လာခဲ့သူ ဩစတေးလျ အထက်လွှတ်တော် အမတ် Senator Dean Smith က ဇန်နဝါရီလ ၇ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုခဲ့သည်။
“ကျနော်ယုံကြည်တာက ဖက်ဒရယ် ပြည်ထောင်စုလို အုပ်ချုပ်မှုစနစ်က တိုင်းရင်းသား လူမျိုးစုတွေ အများကြီး ရှိတဲ့ မြန်မာပြည်လို နိုင်ငံအတွက် အားကောင်းမယ့် အုပ်ချုပ်မှု စနစ်ဖြစ်သလို တိုင်းရင်းသားလူမျိုးတွေက လည်းအောင်မြင်တဲ့ ပြည်ထောင်စုကို တည်ထောက်လိုတဲ့ စိတ်အားထက်သန်မှုတွေ ရှိတာကို တွေ့ရတယ်” ဟု ပြောသည်။
ယခုလ ပထမအပတ်က မြန်မာနိုင်ငံရှိ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသခံဌာနေ တိုင်းရင်းသား များ၏ အခြေအနေများကို လာရောက်လေ့လာခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်အပြင် ပြည်နယ်အခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်း၊ ကရင်နိုင်ငံရေးပါတီ၊ စာပေယဉ် ကျေးမှုစသည့် အဖွဲ့အစည်း များနှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
Senator Dean Smith သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် နိုင်ငံတကာ လေ့လာရေးအဖွဲ့နေဖြင့် ဩစတေးလျ အစိုးရအဖွဲ့ ကိုယ်စားလှယ်ထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ယခုလာမည့် ၂၀၂ဝ ရွေးကောက် ပွဲ မတိုင်မီအခြေအနေများနှင့် ရွေးကောက်ပွဲအလွန် အခြေအနေများကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေ မည့်အပြင် ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ဖိတ်ခေါ်ခံရပါက ဩစတေးလျ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် ဒုတိယအကြိမ်လာရောက်လေ့လာခွင့်ရရန် မျှော်လင့်ကြောင်းလည်း ဩစတေးလျအ ထက်လွှတ် တော်အမတ်က ပြောဆိုခဲ့သည်။
Senator Dean Smith အနေဖြင့် မြန်မာပြည်သို့ ၅ကြိမ်မြောက်ရောက်ရှိခဲ့ပြီးနောက် ကရင်ပြည်နယ်သို့ တတိ ယကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။ ကရင်ပြည်နယ်ခရီးစဉ်မတိုင်ခင် ချင်းပြည်နယ်သို့ သွားရောက်ခဲ့ပြီး ကရင်ပြည်နယ်မှတဆင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် အခြေအနေနှင့် ဒုက္ခသည်အရေး ဆောင်ရွက်ပေး နေသည့် အဖွဲ့အစည်းများနှင့် ဝင်ရောက်တွေ့ဆုံလေ့လာခဲ့သည်ဟု သိရသည်။
ကရင်ဒုက္ခသည် ကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက “ကျနော်တို့ကို ဒီမှာ ဘာတွေ ထူးထူးခြားခြား အခြေအနေတွေရှိလဲဆိုတာတွေကို မေးမြန်းဆွေးနွေးဖြစ်တာပေါ့။ သူ့အနေနဲ့က ဒီက အခြေအနေတွေကို ဩစ ေတေးလျ အစိုးရကို ပြန်ပြောပြဖို့ပေါ့။ နယ်စပ်က ကရင်တွေ ဘယ်လို စိန်ခေါ်မှုတွေရှိလဲဆိုတာကို မေးတာ ပေါ့။ ၂၀၁၉ က စိန်ခေါ်မှုတွေကိုပြောပြတယ်။ ဒါပေမဲ့ ဒီ ၂၀၂ဝမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိမလဲဆိုတာတော့ သေချာမသိသေးပေမဲ့ လောလောဆယ် ပညာရေးအတွက်တော့ စိန်ခေါ်မှုတွေရှိတယ်ဆိုပြီး တင်ပြဖြစ် တာ ပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။
Senator Dean Smith သည် အနောက် ဩစတေးလျပြည်နယ်၏ လွှတ်တော်အမတ် (၁၂)ဦးအနက် လစ်ဘ ရယ်ပါတီဝင် အထက်လွှတ်တော်အမတ် တစ်ဦးဖြစ်သည်။ အနောက် ဩစတေးလျ ပြည်နယ်တွင် ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည် စခန်းများမှတဆင့်သွားရောက် ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် ကရင်၊ ချင်း ဒုက္ခသည် များစွာနေထိုင်ကြောင်းလည်း သိရသည်။



















