Home သတင်း ထိုင်းသို့ ‌ပြောင်းဆံများ အခွန်ကင်းလွှတ်ခွင့်ဖြင့် တင်ပို့ရန် မြဝတီတွင် စု‌ဆောင်း‌နေ

ထိုင်းသို့ ‌ပြောင်းဆံများ အခွန်ကင်းလွှတ်ခွင့်ဖြင့် တင်ပို့ရန် မြဝတီတွင် စု‌ဆောင်း‌နေ

3326
Photo: Nay Naw

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံသို့ မြန်မာ‌ပြောင်းဆန်များ အခွန်ကင်းလွှတ်ခွင့်ဖြင့် လာမည့် ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့မှ စ၍ တင်ပို့ရန် ‌ပြောင်းဆံများကို စတင်စု‌ဆောင်း ‌နေပြီးဖြစ်‌ကြောင်း မြဝတီမြို့အ‌ခြေစိုက် နယ်စပ်ကုန်သည်များက ‌ပြောသည်။

‌ပြောင်းဆံများကို နှစ်နိုင်ငံ သ‌ဘောတူညီချက်အရ ‌ဖေ‌ဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်ထိ အခွန်ကင်းလွှတ်ခွင့်ဖြင့် တင်ပို့နိုင်မည်ဖြစ်သည်။ ဩဂုတ်လကုန်ပိုင်းတွင် ထိုင်းနိုင်ငံတွင် ‌ပြောင်းဆန်ထွက်ချိန်‌ရောက်ရှိလာသည့်အတွက် ထိုင်းက နိုင်ငံသား အကျိုးစီးပွား ကာကွယ်သည့်အ‌နေဖြင့် အခွန်နှုန်းထားများ တိုးမြှင့်သတ်မှတ်မည်ဖြစ်သည့်အတွက် တင်ပို့ရန် ခက်ခဲသွားမည် ဖြစ်သည်ဟု မြန်မာကုန်သည်များထံမှ သိရသည်။

ထိုသို့ အခွန်ကင်းလွှတ်ခွင့်ပြုသည့် ကာလအတွင်း ‌ပြောင်းဆံများ တင်ပို့ရန်လုပ်ငန်းရှင်များ ပြင်ဆင်‌နေ‌သော်လည်း ယခုနှစ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ဂျိုင်းမြစ်‌ရေ မြင့်တက်ခြင်း‌ကြောင့် ဂျိုင်း(ကျုံဒိုး) ပွန်တွန်း တံတား‌ပေါ်မှ ကုန်တင် ယာဉ်များ သွားလာမရခြင်း၊ လမ်းခရီးမ‌ဖြောင့်ဖြူးသဖြင့် ကြံ့ကြာခြင်းတို့‌ကြောင့် အချိန်မှီတင်ပို့ နိုင်ခြင်းမရှိခဲ့၍ နစ်နာ မှုရှိ ‌ကြောင်း၊ လက်ရှိတင်ပို့ရန် ‌ပြောင်းဆံများကို စု‌ဆောင်း‌နေပြီးဟု လုပ်ငန်းရှင် ကိုမြတ်ထွန်းနိုင်က ‌ပြောသည်။

မြဝတီနယ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ‌ဒေါ်သင်းသင်းမြတ်က “ခု‌တော့ လာသမျှ‌ပြောင်း‌တွေကို ပုံထားရပါတယ်။ အဆင်သင့် ဖြစ်‌အောင်‌ပေါ့။ တရုတ်ဘက်ကို ပို့လို့မရလို့ ဒီဘက်ကို လာကြတာပါ။ ‌ပြောင်းတင်ပို့မှုရ‌နေ‌တော့ ကားသမား အလုပ်သမား‌တွေ အဆင်‌ပြေကြတယ်။ ‌ရေရှည်တင်ပို့ ခွင့်ရဖို့ လည်း‌မျှော်လင့်ပါတယ်” ဟု ‌ပြောသည်။

လက်ရှိ မြဝတီနယ်စပ်ကုန်သွယ်မှုတွင် ထိုင်းကုန်ပစ္စည်းများ တင်ပို့မှု ၁၀ဝ ရာခိုင်နှုန်းရှိချိန်တွင် မြန်မာဘက်က တင်ပို့မှု တစ်ရာခိုင်နှုန်းသာရှိ‌သော်လည်း ယခု ‌ပြောင်းဆံကို အခွန်လွတ်တင်ပို့ခွင့်ရသဖြင့် မြန်မာပို့ကုန် ၁ဝ ရာခိုင်နှုန်းအထိ မြင့် တက်လာမည်ဟု လုပ်ငန်းရှင်များက ဆိုသည်။ ထိုင်းကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ‌နေ့စဉ်ကား အစီး‌ရေ ၅၀ဝ ‌ကျော် တင်ပို့‌နေ‌သော်လည်း နိုင်ငံသား အကျိုးအတွက် အခွန်နှုန်းတိုးမြှင့်ထားသည့် ကုန်ပစ္စည်းများ မရှိ‌သေး‌ကြောင်း သိရသည်။