Home သတင်း ICJ ကြားနာပွဲတက်‌ရောက်သည့် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ‌ထောက်ခံပွဲ မြဝတီမြို့တွင် လူ‌ထောင်ချီဖြင့် ကျင်းပ

ICJ ကြားနာပွဲတက်‌ရောက်သည့် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ‌ထောက်ခံပွဲ မြဝတီမြို့တွင် လူ‌ထောင်ချီဖြင့် ကျင်းပ

3025
မြဝတီမြို့တွင် ပြုလုပ်သည့် ‌ထောက်ခံပွဲ(Photo-Nay Naw)

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး- International Court of Justice တွင် ဂမ်ဘီယာနိုင်ငံမှ စွဲချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံကိုယ်စား ကြားနာပွဲတက်‌ရောက်‌နေသည့် နိုင်ငံ‌တော် အတိုင် ပင်ခံ ပုဂ္ဂိုလ်‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်‌ခေါင်း‌ဆောင်များအား ‌ထောက်ခံပွဲကို ယ‌နေ့ (ဒီဇင်ဘာ ၁၂ ရက်) နံနက်ပိုင်းက မြဝတီမြို့ မြစန္ဒီပန်းခြံရင်ပြင်တွင် လူအင်အား ‌ထောင်‌ကျော်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

“ရခိုင်ပြည်နယ်‌မြောက်ပိုင်းအ‌ရေးမှာ လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတဲ့စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ အ‌ပေါ် တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ယ‌နေ့ အပြည်ပြည်ဆိုင်ရာတရားရုံး -ICJ မှာ မြန်မာနိုင်ငံကိုယ်စား ကြား နာပွဲတက်‌ရောက်‌နေတဲ့ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ ကျ‌နော်တို့ပြည်သူ‌တွေဟာ တသားတည်းရှိ‌ကြောင်း ပြသလိုတဲ့အ‌နေနဲ့ ယခုလို ‌ထောက်ခံဆန္ဒ‌ဖော်ထုတ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်တယ်” ဟု မြဝတီမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ပါတီ ဥက္ကဌ ဦးပြုံးချို က ‌ပြောသည်။

အဆိုပါ ‌ထောက်ခံပွဲကို မြဝတီမြို့နယ် NLD ပါတီဝင်များမှ ဦး‌ဆောင်၍ ‌ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့ ၊ ဖားအံမြို့ နှင့် မြဝတီမြို့မှ ပြည်သူ‌ထောင်ချီ၍ တက်‌ရောက်ခဲ့ကြပြီး မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင်တွင် နံနက် ၁ဝနာရီအချိန်ခန့်မှစ၍ စု‌ဝေးကာ ‌ဟော‌ပြောခြင်းများပြုလုပ်ခဲ့သည်။

ယင်း‌နောက် မြဝတီမြို့ဘုရင့်‌နောင် လမ်းမကြီးမှ ဘုရင့်‌နောင်‌ဈေးမီးပွိုင့်ထိ၊ ထိုမှတဆင့် ဗိုလ်ချုပ်လမ်း၊ မြ ရတနာ လမ်းမှတဆင့်ဘုရင့်‌နောင်လမ်းမကြီးအတိုင်း‌လျှောက်ကာ We Stand With Daw Aung San Su Kyi ၊ အ‌မေစု ကျန်းမာပါ‌စေ အစရှိသည့် ‌ကြွေး‌ကြော်သံများ ဟစ်‌ကြွေးခဲ့ကြသည်။ ထို‌နောက် မြစန္ဒီပန်းခြံသို့ ပြန်လည်‌ရောက်ရှိပြီး မွန်းတည့် ၁၂နာရီအချိန်ခန် လူစုခွဲကာ ‌ထောက်ခံပွဲကို ရုပ်သိမ်းခဲ့ကြသည်။

“မြန်မာနိုင်ငံကိုယ်စားသွား‌ရောက်ကြားနား‌ဖြေရှင်း‌နေတဲ့ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် နှင့် ‌ခေါင်း‌ဆောင်များကို ‌ထောက်ခံခြင်းဖြစ်သလို သူတို့နဲ့အတူ ကျ‌နော်တို့တ‌တွေဟာ တသားတည်းရှိ‌ကြောင်း ပြသတဲ့အ‌နေနဲ့ ယခုလို ‌ထောက်ခံဆန္ဒ‌ဖော်ထုတ်ပွဲမှာ ပါဝင်ရခြင်းဖြစ်တယ်။ တဖက် ဘဂင်္လား‌ဒေ့ရှ် နိုင်ငံဘက် ကို တိမ်း‌ရှောင်သွားတဲ့သူများကို ပြန်လည်လက်ခံရာမှာလည်း ကျ‌နော်တို့ နိုင်ငံမှာရှိတဲ့ တည်ဆဲ ဥပ‌ဒေဖြစ် တဲ့ ၁၉၈၂ နိုင်ငံသားဥပ‌ဒေအရပဲ လက်ခံမှု‌တွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆဲ ဥပ‌ဒေကို အခြားနိုင်ငံတကာဖိအားနဲ့ ပြင်ဆင်‌ပြောင်းလဲခြင်း‌တွေ မပြုလုပ်‌စေလိုပါ”ဟု မြဝတီမြို့ အမှတ်(၃)ရပ်ကွက်‌နေ ဦးဝင်းချိုက ‌ပြောကြားသည်။

မြဝတီမြို့တွင် ပြုလုပ်သည့် ‌ထောက်ခံပွဲ(Photo-Nay Naw)

မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်အတွင်း ‌နေရပ်စွန့်ခွာသည့်လူမျိုးစုအ‌ပေါ် ဖိနှိပ်ဆက်ဆံမှုများကို ဆယ်စုနှစ် ‌ပေါင်း များစွာ ပြုလုပ်ခြင်း၊ လူမျိုးစုများ၏ တရားဝင်ရပိုင်ခွင့်များအ‌ပေါ်‌ပေးရန် ငြင်းဆန်ခြင်း၊ ၎င်းတို့အ‌ပေါ် ဆန့်ကျင် သည့် အမုန်းတရားများကို ဝါဒဖြန့်ခြင်း အစုအဖွဲ့တစ်ခုအ‌နေဖြင့် ပစ်မှတ်ထား၍ အစုလိုက် အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်ခြင်းစသည့် စွပ်စွဲချက်များဖြင့် နိုင်ငံ‌ပေါင်း ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ်းမစ်ပူး‌ပေါင်း‌ဆောင် ရွက်‌ရေး အဖွဲ့ -OICအဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းဖြစ်သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်‌နေ့ မှ ယ‌နေ့ ဒီဇင်ဘာ ၁၂ ရက်‌နေ့ထိ ၃ ရက်တိုင်တိုင် ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်များ နှင့် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်‌သော မြန်မာနိုင်ငံကိုယ်စားလှယ်များမှ ရခိုင်ပြည်နယ်‌မြောက်ပိုင်း အ‌ရေးနှင့်ပတ်သက်၍ အပြန်အလှန် ‌လျှောက်ထားကြားနာမှုများ ပြုလုပ်လျှက်ရှိ‌ကြောင်း သိရသည်။