Home သတင်း သထုံခရိုင်တွင် ယခုနှစ် စပါးအ‌မြောက်အများ ပျက်စီးမှုနှင့်ကြုံရ

သထုံခရိုင်တွင် ယခုနှစ် စပါးအ‌မြောက်အများ ပျက်စီးမှုနှင့်ကြုံရ

2827
Photo- kic


ဒီဇင်ဘာလ ၁ဝ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ သထုံခရိုင် (တပ်မဟာ ၁ နယ်‌မြေ)တွင် ယခုနှစ် မိုးစပါး စိုက်ခင်းအ‌မြောက်အများ ပျက်စီးမှုနှင့် ကြုံ‌တွေ့ခဲ့ရသဖြင့် စပါးထွက်နှုန်းအဆမတန်ကျဆင်း‌နေသည့် အ ‌ခြေအ‌နေနှင့် ရင်ဆိုင်‌နေရ‌ကြောင်း ‌တောင်သူများက‌ပြောသည်။

အဆိုပါ‌ဒေသအတွင်းရှိ ‌တောင်သူအများစုမှာ မိုးစပါးများကိုသာ အဓိကစိုက်ပျိုးမှုများပြားပြီး ယခုနှစ် ရာသီဥတု အ‌ခြေအ‌နေနှင့်‌ရေလုံ‌လောက်စွာ မရရှိခြင်းတို့‌ကြောင ့်စပါးများပျက်စီးပြီး အသီးမ‌အောင်ခြင်းဖြစ်သည်ဟုလည်း ‌တောင်သူများက သုံးသပ်‌ပြောဆိုသည်။

လယ်သမားများ လက်ရှိကြုံ‌တွေ့ရသည့် စပါးပျက်စီးမှုအ‌ခြေအ‌နေနှင့်ပတ်သက်၍ သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ ကျ‌သောင်းဆိပ်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စောနွားက‌လေးက “ကျ‌နော်တို့‌ကျေးရွာအုပ်စုမှာ စပါးအတင်း ၄ဝ ‌လောက် စိုက်ရင် အတင်း ၁ဝ ‌လောက်ပဲ ‌ကောင်း‌တော့တယ်။ ဒီကလယ်သမားအားလုံးက အရှှုံး‌ပေါ်တယ်။ ဒီ‌လောက်အထိ စပါး ပျက်တာက တစ်ခါမှမကြုံဖူးဘူး ။ အချို့စပါးခင်း‌တွေက အသီးမ‌အောင်‌တော့ မရိတ်‌တော့ဘူး။ အဲလိုပဲ ထားလိုက်ရတဲ့ စပါးခင်း‌တွေအများကြီးရှိတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယခုကဲ့သို့ စပါးခင်းအ‌မြောက်အများ ပျက်စီးဆုံးရှှုံးမှုနှင့်ကြုံ‌တွေ့ရသည့်အ‌ခြေအ‌နေမှာ KNU သထုံခရိုင်အတွင်း ပထမ ဆုံးအကြိမ် ကြုံ‌တွေ့ဖူးခြင်းဖြစ်သလို ဆုံးရှုံးမှုအ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး အ‌သေးစိတ်သိရှိနိုင်ရန် KNU သထုံခရိုင် လယ်ယာဌာနမှ အဆိုပါနယ်‌မြေများအတွင်း စာရင်းလိုက်လံ ‌ကောက်ယူမှုများပြုလုပ်‌နေ‌ကြောင်းလည်း သိရသည်။

သထုံခရိုင်အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က “ ဒီနှစ်က ကျ‌နော်တို့ခရိုင်တစ်ခုလုံးမှာ ‌တောင်သူ‌တွေ ဒုက္ခ‌ရောက်တယ်။ သထုံ ခရိုင် မြို့နယ် ၄ မြို့နယ်က စပါးမ‌ကောင်းဘူး။ စပါးအခင်း‌တွေ ဘယ်‌လောက် ပျက်စီးလဲဆိုတာက‌တော့ စာရင်း‌တွေ ‌ကောက်ယူ‌နေတုန်းပါပဲ။ ကျ‌နော်တို့ခရိုင်က လူထုအများစုက စပါးပဲ စိုက်ပျိုး လုပ်ကိုင်ကြတာများတယ်။ ဒီနှစ်က ‌တောင် ယာစပါး၊ လယ်ယာစပါး အားလုံးက တူတူပဲ အသီးက အဖျင်းများတယ် မ‌အောင်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် စပါးပျက်စီးဆုံးရှုံးမှုအ‌ခြေအ‌နေများနှင့်ရင်ဆိုင်‌နေရသည့် KNU သထုံခရိုင်အတွင်းရှိ ‌တောင်သူ များနည်းတူ ကရင် ပြည်နယ် ဖားအံမြို့နယ်အပါအဝင် မြန်မာ့စပါးကျီဟု‌ခေါ်သည့် ဧရာဝတီတိုင်း‌ဒေ သကြီးအတွင်းရှိ ‌တောင်သူများတွင်လည်း ယခုနှစ် စပါးထွက်နှုန်းအဆမတန်‌လျော့ကျသည့် အ‌ခြေအ‌နေနှင့်ရင်ဆိုင်‌နေရ‌ကြောင်း သိရသည်။

ထို့အပြင် ကရင်ပြည်နယ် ‌မြောက်ပိုင်းရှိ KNU ‌တောင်ငူနှင့် မူ‌တြော်(ဖာပွန်)ခရိုင်ဘက်တွင်လည်း ‌တောင်ယာ စပါးခင်းများကို ကြွက်များ ဝင်‌ရောက်ကိုက်ဖြတ်ဖျက်ဆီးမှု‌ကြောင့် ယခုနှစ် စပါးအထွက်နှုန်းအဆမတန် ‌လျော့ကျ သည့်အတွက် ‌နောင်နှစ် စားနပ်ရိက္ခာအတွက် စိုးရိမ်ရသည့် အ‌ခြေအ‌နေတွင်ရှိသည်ဟု ‌တောင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။