ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဒေါနအရှေ့ဘက်ခြမ်းရှိ ကျောင်းပေါင်း ၃၂ကျောင်းစုပေါင်း၍ ကျောင်းသား စုံညီပွဲတော်တစ်ခုကို ယခုလ ၂၃ရက်နေ့မှ ၂၆ရက်နေ့အထိ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA ဌာနချုပ် ရှိရာ ဆုံဆည်းမြိုင် ကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECDနှင့် ဒီကေဘီအေတို့ ပူးပေါင်း၍ ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းတွင်း ပညာရပ်များ သာမက ကျောင်းပြင်ပ ကာယ ဉာဏ ပညာရပ်များ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု KECD အတွင်းရေးမှူး စောလောအယ်မူးက ယခုလိုပြောသည်။
၎င်းက “ကျောင်းသားလူငယ်ကလေးတွေကို ကျနော်တို့အနေနဲ့ ကဏ္ဍပေါင်းစုံမှာ သင်ယူလေ့လာခွင့်ပေးချင်တဲ့ ဆန္ဒ နဲ့ ကာယ ဉာဏ ဖွံ့ဖြိုးလာစေဖို့ ဆိုတဲ့ ကျနော်တို့ ပညာရေး ရည်ရွယ်ချက်အရ ကလေးတွေကို ဒီလို လှုပ်ရှားမှု လေ့ ကျင့်ခန်းတွေနဲ့ ရင်းနှီးချစ်ခင်မှု ရရှိစေမဲ့ ဒီလို လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
လေးရက်တာပြုလုပ်သည့် အဆိုပါ ကျောင်းသား စုံညီပွဲတော်ကို တောနော်(ဒေါန) အထက်တန်းကျောင်းနှင့် သူးမွဲခီး အထက်တန်းကျောင်းမှ တာဝန်ယူ ဦးဆောင်ခြင်းဖြစ်ပြီး ကျောင်းပေါင်း (၃၂)ကျောင်းမှ ကျောင်းသားပေါင်း ၄၀ဝ ကျော် ပါဝင်တက်ရောက်ခဲ့ပြီး နေ့ပိုင်းတွင် အားကစားပွဲများယှဉ်ပြိုင်ကစားကြကာ ညပိုင်းတွင် ရိုးရာယဉ်ကျေးမှု ပြပွဲအစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသူကျောင်းသား စုံညီပွဲတော်သို့ ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေး၊ ဒု-စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစောစတီးနှင့် -KECD မှ အတွင်းရေးမှူး စောလောအယ်မှူးအပြင် သက်ဆိုင် ရာ ကျောင်းအုပ်နှင့် ကျောင်းဆရာ၊ဆရာမများလည်း ဒီဇင်ဘာလ ၂၃ရက်နေ့ ဖွင့်ပွဲအခမ်းအနားနေ့တွင်လည်း ပါဝင် တက်ရောက်ခဲ့ကြသည်။
တောနော် အထက်တန်းကျောင်း၏ ကျောင်းဆရာ စောအယ်ခူးက “ဒီနှစ်ဆိုရင် အရင်နှစ်တွေထက် ကျောင်းသား တွေ များလာတာပေါ့။ ကျနော်တို့ ရည်မှန်းတာက ရင်းနှီးကျွမ်းဝင်မှု တည်ဆောက်တယ်ဆိုတာက ကလေးသူ ငယ်မှာက အခြေခံပဲ။ ဒီ ရင်းနှီးကျွမ်းဝင်မှုဆိုတာကလည်း စည်းလုံးညီညွတ်မှုရဲ့ အခြေခံပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ဒေါနအရှေ့ခြမ်းရှိ ကရင်စာသင်ကျောင်းများ စုပေါင်း၍ ကျောင်းသား စုံညီပွဲတော်ကို ၂၀၁၃ခုနှစ်မှစ၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆိုလျှင် (၇)ကြိမ်မြောက်ရှိပြီးဖြစ်သည်။



















