Home ဆောင်းပါး ကရင်ပါတီများ မနိုင်ဖူး‌သေးသည့် ဧရာဝတီ၏ ၂၀၂ဝ အလားလာ

ကရင်ပါတီများ မနိုင်ဖူး‌သေးသည့် ဧရာဝတီ၏ ၂၀၂ဝ အလားလာ

3025
Photo-KIC

‌စောထွန်းလင်း(နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၉)

နိုဝင်ဘာလ၏ ‌နေ့တ‌နေ့တွင် ဖြစ်သည်။ ပတ်ဝန်းကျင် ဘယ်၊ ညာတခွင် အဝါ‌ရောင်လွင်ပြင်ကို မျက်စိတဆုံး မြင်ရသည်။ ထိုအဝါ‌ရောင်လွင်ပြင်ထဲတွင် ကုက္ကိုလ်ပင်များကို ဟိုတစ်စုဒီတစ်စု‌တွေ့ရပြီး ရံဖန်ရံခါ တဲအိမ်‌လေး များကို လွမ်း‌မောဖွယ် မြင်ရသည်။

အဆိုပါ မြင်ကွင်းသည် ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်- အိမ်မဲ ဆက်သွယ်ထားသည့် ကားလမ်း‌ဘေး တ‌လျှောက်မြင်‌တွေ့ရသည့် မြင်ကွင်းဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်း‌ပေါ် ‌ဒေသသည် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားသည့်နည်းတူ ယခုလို စပါး‌ပေါ်ချိန်တွင် စပါးခင်းများသည် အဝါ‌ရောင်လွင်ပြင်သဖွယ် ရှုမြင်‌တွေ့နိုင် သည်။

ဧရာဝတီတိုင်း‌ဒေသကြီးသည် မြန်မာနိုင်ငံတွင် ကရင်လူမျိုးအများဆုံး‌နေထိုင်သည့် ‌ဒေသဖြစ်သည်။ ၂၀၁၄ ခုနှစ် တွင်‌ကောက်ယူသည့် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်းအရ ဧရာဝတီတိုင်းတွင် စုစု‌ပေါင်းလူဦး‌ရေ ၆,၁၈၄,၈၂၉ ဦးရှိသည်။ ယခုလို စုစု‌ပေါင်း လူဦး‌ရေ ၆ သန်း‌ကျော်ရှိသည့်အနက် ကရင်လူမျိုးခန့်မှန်း ဦး‌ရေ ၂ သန်း‌ကျော်ရှိနိုင်သည်။

အဘယ်‌ကြောင့် ဆို‌သော် ၂၀၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်တိုင်းရင်းသားများသာ သီးသန့် မဲ‌ပေးရသည့် ကရင့်‌ရေးရာဝန်ကြီးအတွက် မဲစာရင်းတွင် ၉၅၀,၀၆၈ ဦးရှိသည်ဟု ထိုစဉ်က ပြည်‌ထောင်စု‌ရွေး ‌ကောက်ပွဲ‌ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။ ထိုမဲစာရင်းသည် ၁၈ နှစ်ပြည့်ပြီးသူများကိုသာ ‌ကောက် ယူခြင်းဖြစ်ရာ ကရင်လူဦး‌ရေသည် ထိုထက် နှစ်ဆ‌ကျော်ခန့်ရှိမည်ဟု အကြမ်းဖျဉ်းမှတ်ယူနိုင်သည်။

၂၀၁၄ သန်း‌ခေါင်းစာရင်းရလဒ်များ ထုတ်ပြန်ပြီး ဖြစ်‌သော်လည်း တိုင်းရင်းသား လူဦး‌ရေစာရင်းကို ထုတ်ပြန် ခြင်း မရှိ‌ချေ။ ထိုအတွက် ဧရာဝတီတိုင်းအတွင်းရှိ ကရင်လူဦး‌ရေစာရင်းကို တိတိကျကျမသိနိုင်။ ဧရာဝတီ တိုင်းသား ကရင်များကမူ ဧရာဝတီတိုင်း‌ဒေသကြီးတွင် ကရင်လူဦး‌ရေ သုံးသန်း‌ကျော် ‌လေးသန်းခန့် ရှိမည်ဟု ခန့်မှန်း ‌ပြောဆိုမှုများ ရှိ‌သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိဖြစ်‌နေသည်။

ယခုလို ကရင်လူမျိုးများ အများဆုံး‌နေထိုင်သည့် ဧရာဝတီတိုင်း‌ဒေသကြီးတွင် ၂၀၁၀၊ ၂၀၁၅ အ‌ထွေ‌ထွေ ‌ရွေး ‌ကောက်ပွဲတွင် ကရင်ပါတီများ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အနိုင်မရဖူး‌သေးသည်ကို ‌တွေ့ရသည်။ ထို့အပြင် ပြည်နယ်ပြင်ပ ကရင်တိုင်းရင်းသားများအတွက် အ‌ရေးကြီးသည့် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီး ‌နေရာကို အနိုင်မရ‌သေးသည်မှာ ဧရာဝတီတွင် ကရင်ပါတီများ အားနည်းသလို ကရင်တို့က အခြားအင်အား ကြီးပါတီများကိုသာ အားကိုးသည့်သ‌ဘော ဖြစ်‌နေသည်။

ထိုသို့ ဖြစ်‌နေခြင်းမှာ ဧရာဝတီတိုင်းရှိ ကရင်ပြည်သူများ၏ နိုင်ငံ‌ရေး‌ရေချိန် အနိမ့်အမြင့် ‌ပေါ်မှုတည်သလို ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ‌အောက်‌ခြေထိ စည်းရုံး‌ရေး မလုပ်‌ဆောင်နိုင်သည့် အတွက်လည်းပါဝင်သည်ဟု ပါတီဒုဥက္ကဌ ‌စော‌စေးဝါးက ‌ပြောသည်။

“တိုင်းရင်းသား‌ရေးရာ ဝန်ကြီးအ‌နေအထားနဲ့ ပြည်နယ်လွှတ်‌တော်၊ ပြည့်သူ့လွှတ်‌တော် အ‌နေအထား‌တွေက မတူ ဘူး‌လေ။ မတူ‌တော့ တိုင်းရင်းသား‌ရေးရာ‌နေရာ နိုင်သင့်လျက်နဲ့ မနိုင်တာက ‌တော်‌တော်‌လေး အ‌ခြေအ‌နေ သိပ်မ‌ကောင်းဘူးဆိုတဲ့ သ‌ဘော၊ နိမ့်ပါးတဲ့ သ‌ဘော‌ပေါ့‌နော်။ နိုင်ငံ‌ရေး ‌ရေစီး‌ကြောင်းကလည်း အ‌ပြောင်းအလဲ ဖြစ်‌နေတာကို တို့ကလည်း မခံနိုင်ဘူးဖြစ်‌နေတယ်” ဟု ၎င်းက သုံးသပ်သည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲ

ယခင် နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ)က ကျင်းပသည့် ၂၀၁ဝ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီတိုင်း‌ဒေသကြီး၌ ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်ခဲ့သည်။ သို့‌သော် ထိုစဉ် က ကတိုက်ကရိုက် ဝင်ပြိုင်ရသည့် အ‌နေအထားဖြစ်ပြီး ပါတီတည်‌ထောင်သည့် နှစ်မှာပင် ‌ရွေး‌ကောက်ပွဲ ဝင်ခဲ့ရ သည်။

ထို‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီကရင့်‌ရေးရာဝန်ကြီး အမတ်‌နေရကို KPP က ‌ဒေါက်တာဆိုင်မွန်သာဝင်ပြိုင် သည်။ ကရင့်‌ရေးရာမဲ‌ပေးခွင့်ရှိသူ ၇၉၁,၁၉၈ ဦးရှိသည့်အနက် မဲလာ‌ပေးသူဦး‌ရေ ၆၂၇,၆၂၆ ဦး ရှိသည်ဟု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ‌ရွေး‌ကောက်ပွဲအပြီး ထုတ်ပြန်ခဲ့သည်။ မဲရလဒ်များမှာ ‌ဒေါက်တာ‌စောဆိုင်မွန်သာ က ၂၀၄,၆၉၂ မဲ၊ ကြံ့ခိုင်‌ရေးအမတ် မန်းသန်း‌ရွှေက ၂၁၅,၃၉၈ မဲ၊ တစည ပါတီမှ မန်းသိန်းလှက ၁၇၃,၈၉၆ မဲ အသီးသီးရပြီ မန်းသန်း‌ရွှေ အနိုင်ရခဲ့သည်။ သို့‌သော် ကြိုတင်မဲများ‌ကြောင့် နိုင်သည်ဟု ‌ရွေး‌ကောက်ပွဲ အပြီး တွင် ‌ဝေဖန်မှုများ ‌ပေါ်ထွက်ခဲ့‌သေးသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီတိုင်း‌ဒေသကြီးတွင် ကရင့်‌ရေးရာဝန်ကြီး‌နေရာအပြင် KPP က ကျိုက်လတ်၊ ငပု‌တော၊ ‌မြောင်းမြ မြို့နယ် ပြည်သူ့လွှတ်‌တော်အမတ် ၃ ‌နေရာနှင့် အမျိုးသားလွှတ်‌တော်တွင် ကန်ကြီး‌ဒေါင့်-သာ‌ပေါင်း-‌ကျောင်းကုန်း တစ်‌နေရာ ဝင်ပြိုင်ခဲ့သည်။ ထို့အပြင် တိုင်း‌ဒေသကြီး လွှတ်‌တော်အမတ်‌နေရာအတွက် ကန်ကြီး‌ဒေါင့်၊ ငပု‌တော၊ ဇလွန်တို့တွင် ၆ ‌နေရာ၊ ပန်းတ‌နော်၊ သာ‌ပေါင်း၊ အိမ်မဲ၊ ‌မြောင်းမြ၊ ဓနုဖြူ၊ ဟသင်္ာတတို့ တွင် တစ်‌နေရာစီဝင်ပြိုင်ခဲ့ပြီး အနိုင်မရ‌သော်လည်း မဲအတန်အသင့်ရခဲ့‌သေးသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲ

၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်မူ ကရင်ပြည်နယ်ပြင်ပ အ‌ခြေစိုက် ကရင်အမျိုးသားပါတီ ထပ်မံ‌ပေါ်‌ပေါက်လာခဲ့သည့် အတွက် KPP နှင့် KNP တို့ အပြိုင်သ‌ဘောဖြစ်လာကာ ဧရာဝတီတိုင်း‌ဒေသကြီးတွင် ကရင့်‌ရေးရာ‌နေရာနှင့် အချို့ မဲဆန္ဒနယ်များတွင် ထိပ်တိုက် ‌တွေ့ခဲ့သည်။ ကရင့်‌ရေးရာ‌နေရာအတွက် မဲ‌ပေးခွင့်ရှိသူ ၉၅၀,၀၆၈ ဦးရှိပြီး မဲလာ‌ပေးသူ ၇၂၄,၅၄၇ ဦးရှိသည်ဟု ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ထုတ်ပြန်သည်။

မဲရလဒ်များမှာ NLD ပါတီမှ ဂါ့မိုးမြတ်မြတ်သူက ၃၅၉,၆၀၉ မဲ (၅၂.၂၇%)၊ ကြံ့ခိုင်‌ရေးမှ မန်းသန်း‌ရွှေ (၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရခဲ့ပြီး၊ ‌ရေးရာဝန်ကြီးဖြစ်သူ)က ၁၉၆,၅၂ဝ မဲ (၂၈.၅၇%)၊ KPP မှ မန်းထွန်းတင်က ၇၈,၁၉၂ မဲ (၁၁.၃၇%)၊ KNP က မန်းစန်းက ၂၆,၁၅၉မဲ (၃.၈၀%) နှင့် တစညမှ မန်း‌ကျော်ရှိန် ၂၇,၄၅၆ မဲ (၃.၉၉%) အသီးသီးရရှိကာ ဂါ့မိုးမြတ်မြတ်သူ အနိုင်ရသွားသည်။

ယခုကဲ့သို့ ကရင်ပါတီများ အနိုင်မရခြင်းမှာ ၁၉၆၂ ခုနှစ်ကတည်းက ဖက်ဒရယ်ဟုဆိုလျှင် ခွဲထွက်၊ ပြိုကွဲ‌ရေးဟု ဝါဒမှိုင်းမိခဲ့ခြင်း‌ကြောင့် ကရင်တိုင်းရင်းသားများအ‌နေဖြင့် မိမိတို့ရပိုင်ခွင့် ဖက်ပြည်‌ထောင်စုကို ၂၀၁ဝ ‌ကျော်ထိ လူ့သက်တမ်းတစ်ခုနီးပါးကြာ မျက်‌ခြေပျက်သလို ဖြစ်ခဲ့ရသည်ဟု KNP ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ‌ပြောသည်။

“ ‌လော‌လောဆယ် စစ်အာဏာရှင် စနစ်ကိုတိုက်ဖို့က ဘယ်သူ့ကို အားယူတိုက်ရမလဲဆို‌တော့ NLD ပါတီကို ဝင်ပြီး‌တော့ တိုက်ကြတယ်။ သို့‌သော် NLD ပါတီဖြစ်လာခဲ့‌သော် ဖက်ဒရယ် ဖြစ်မဖြစ်ဆိုတာ သူတို့က ကြိုတင် မမြင်ဘူး။ အဲ့‌တော့ စစ်အာဏာရှင်စနစ်ကို တိုက်ဖို့ အတွက်ဘဲ နိုင်ငံ‌ရေး ရည်မှန်းချက်ထားတယ်။ ပန်းတိုင် အဆုံးမှာ နိုင်ငံ‌ရေး ရည်မှန်းချက်ဟာ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ရမယ်ဆိုတာ အဲ့‌လောက်ထိ မမြင် ဘူး။ ပါတီနိုင်ငံ‌ရေးမှာ ကွင်းဆက်ပျက်ခဲ့တယ်”ဟု ၎င်းက ‌ပြောသည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲ အလားလာ

၅ နှစ်တစ်ကြိမ် ကျင်းပသည့် ပါတီစုံအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲသည် ၂၀၂ဝ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်အလား လာ ရှိသည်။ ကရင်တိုင်းရင်းသား အများဆုံး‌နေထိုင်သည့် ဧရာဝတီတိုင်း‌ဒေသကြီးတွင် ကရင်ပါတီများ ၂၀၂ဝ တွင် အနိုင်ရ‌ရေးအတွက် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုးသားပါတီ (KNP) တို့ အသီးသီးပြင်ဆင် ‌နေပြီး ယခု ၂၀၁၉ ခုနှစ်အတွင်း ခပ်စိပ်စိပ် လှုပ်ရှား‌နေသည်ကို ‌တွေ့ရသည်။

အဆိုပါ ပါတီနှစ်ခုအ‌နေဖြင့် ဧရာဝတီ ကရင့်‌ရေးရာ ဝန်ကြီးအမတ်‌နေရာအတွက် ပိုအားထည့်မည့်သ‌ဘောရှိ သည်။ ကရင့်‌ရေးရာဝန်ကြီး အမတ်‌နေရာအတွက် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် မဲလာ‌ပေးသူ ၆ သိန်း‌ကျော်တွင် ကရင်ပြည်သူ့ ပါတီက မဲ ၂ သိန်း‌ကျော်ရခဲ့သည်။

NLDက ‘‌ပြောင်းလဲချိန် တန်ပြီး’ ဟု ‌ကြွေး‌ကြော်သံကို အများပြည်သူကလည်း တခဲနက်အား‌ပေးမှုရရှိခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်မူ ကရင့်‌ရေးရာအတွက် မဲ‌ပေးသူ ၇ သိန်း‌ကျော်ရှိသည့်အနက် KPP က ၇၈,၁၉၂ မဲနှင့် KNP က ၂၆,၁၅၉ မဲ နှစ်ခု‌ပေါင်း ၁၀၄,၃၅၁ မဲ ရခဲ့သည်။ ထို့‌ကြောင့် လာမည့် ‌ရွေး‌ကောက်ပွဲတွင် အနိုင် ရရန် အနည်းဆုံး မဲသုံးသိန်းခွဲ ‌ကျော်ရရန် စည်းရုံးနိုင်မှ အနိုင်ရရန် အလားလာရှိမည် ဖြစ်သည်။

Photo_KIC

ဧရာဝတီတိုင်း‌ဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိပြီး ကရင်တိုင်းရင်းသားများသည့် ပျံ့နှံ့‌နေထိုင်သည့်အတွက် ကရင်အများဆုံး‌နေသည့် မြို့နယ်များရှိ‌သော်လည်း သိသိသာသာများသည့် မြို့နယ်နည်းသည်။ မြို့ နယ် တစ် ခုစီ‌ပေါ် အ‌ခြေခံကာ ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်‌မြေ သတ်မှတ်ထားသည့်အတွက် ပြည်သူ့လွှတ်‌တော် တွင် ကရင်ပါတီများ အနိုင်ရရန်မလွယ်။

အနီးစပ်ဆုံး ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အိမ်မဲမြို့နယ်မဲဆန္ဒနယ်တွင် ကရင်ပါတီနှစ်ခု‌ပေါင်း မဲ ၉ ရာခိုင်နှုန်းခန့် ရရှိခြင်းသည် အများဆုံးဖြစ်သည်။ ကန်ကြီး‌ဒေါင့်၊ ဝါးခယ်မ၊ ငပု‌တော၊ ‌မြောင်းမြ မြို့နယ်များတွင် ကရင်ပါတီများ မဲရမှု ၅ ရာခိုင်နှုန်းဝန်းကျင်သာရှိပြီး ကျန်‌နေရာများတွင်မှု ထိုထက်‌လျော့နည်းသည့်မတွက် ပြည်သူ့လွှတ်‌တော်အတွက် အနိုင်ရရန် စည်းရုံး‌ရေး အားအလွန်‌ကောင်းရန်လိုသည်။

ဧရာဝတီ တိုင်း‌ဒေသကြီးလွှတ်‌တော်‌နေရာအတွက်မူ ကရင်ပါတီများ အလားလာအနည်းငယ်ရှိသည်။ တစ်မြို့ နယ်လျှင် မဲဆန္ဒနယ် ၂ ခုရှိသည့်အတွက် ကရင်အများစု‌နေထိုင်ရာ မဲဆန္ဒနယ်များတွင် အလားလာရှိနိုင်သည်။၂၀၁၅ ‌ရွေး‌ကောက်ပွဲ အချက်အလက်များအရ အိမ်မဲ မဲဆန္ဒအမှတ် ၁ တွင် KPP နှင့် KNP တို့ ဝင်‌ရောက်ယှဉ် ပြိုင်ခဲ့ရာ မဲ ၉ ရာခိုင်နှုန်းခန့် ရရှိခဲ့သည်။ အိမ်မဲ မဲဆန္ဒနယ် အမှတ် ၂ တွင်မူ မဲ ၁ဝ ရာခိုင်နှုန်း ‌ကျော်ရခဲ့သည်။ ထို့‌ကြောင့် ၂၀၂ဝ တွင် ကရင်ပါတီများ စည်းရုံး‌ရေးအား‌ကောင်းပါက အလားလာ‌ကောင်းမည်ဖြစ်သည်။

ထို့အပြင် ကန်ကြီး‌ဒေါင့်၊ သာ‌ပေါင်း၊ ငပု‌တော စသည့် မြို့နယ်များတွင်လည်း ကရင်ပါတီများ မဲအတန်အသင့် ရခဲ့ဖူးသည့်အတွက် ၂၀၂ဝ တွင် မဲပိုရရန် စည်းရုံး‌ရေးအား‌ကောင်းရန်လိုပြီး အနိုင်ရ‌ရေးအတွက်မှု အ‌တော်အား စိုက်ရမည့် သ‌ဘောရှိသည်။

ကရင်ပါတီများအ‌နေဖြင့် လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီတိုင်းတွင် အလားလာပို‌ကောင်းလာမည့် သ‌ဘောရှိသည်ကာ ဧရာဝတီရှိ ကရင်ပြည်သူများကလည်း နိုင်ငံ‌ရေး‌ရေချိန်ပိုမိုမြင့်မားလာသည်ကို‌တွေ့ရသည် ဟု KPP ကဆိုသည်။

“ကရင်ပါတီ‌တွေ နိုင်ဖို့က ကရင်ပါတီအချင်းချင်း ထိပ်တိုက်ပြိုင်ရင် မလွယ်ဘူး။ ဒီလိုမဖြစ်‌အောင် ညှိနှိုင်းဖို့ လိုတယ်။” ဟု ငပု‌တောမြို့နယ်သား မန်းစိုးမိုးက မှတ်ချက်ပြုသည်။

ထို့အပြင် ဧရာဝတီရှိ ကရင်ပြည်သူများသည် အင်အားကြီး ကြံ့ခိုင်‌ရေးနှင့် NLD ပါတီ ထဲသို့ ‌ရောက်ရှိ‌နေပြီး အဆိုပါ အင်အားစုသည် ကရင်ပါတီများထက်ပင် များပြားဖွယ်ရှိသည်ဟု KNP ပါတီ ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ မန်းထိန်ဝင်းစိန်က ဆိုသည်။ ၂၀၁ဝ နှင့် ၂၀၁၅ ကရင်တိုင်းရင်းသားများသာ သီးသန့် မဲ‌ပေးရသည့် ကရင့်‌ရေး ရာအတွက် အင်အားကြီးပါတီများက ကရင်ပါတီများထက်မဲပိုမိုရခဲ့ရာ သူ့အဆိုမှာ နီးစပ်သည်ကို ‌တွေ့ရသည်။

“ NLD နဲ့ ကြံ့ခိုင်‌ရေးထဲမှာ မျက်စိလည် လမ်းမှားပြီး‌တော့ ‌ရောက်‌နေတဲ့ တိုင်းရင်းသား‌တွေ အဲ့ဒါ‌တွေက လက်ရှိ တိုင်းရင်းသားပါတီ အင်အားထက် များတယ်။ အဲ့‌တော့ ဒီလူ‌တွေကို ကရင့်ရိုးရာအတိုင်း လက်ချည်ပြီး လိပ်ပြာ ပြန်‌ခေါ်ပြီး‌တော့ ကရင်ပါတီထဲ စုစုစည်းစည်း ပြန်ဝင်လာမဲ့ ကာလ‌ရောက်ရင် လွတ်ပြီး”ဟု မန်းထိန်ဝင်းစိန်က မှတ်ချက်ပြုသည်။

ကရင်တိုင်းရင်းသားများ အများဆုံး‌နေထိုင်သည့် ဧရာဝတီတွင် ကရင်ပါတီများမနိုင်ဖူး‌သေး။ ၂၀၂ဝ ‌ရွေး‌ကောက် ပွဲတွင် အနိုင်ရ‌ရေးမှာ ‌ရွေး‌ကောက်ပွဲမတိုင်မှီ တစ်နှစ်ခန့်အတွင်း ကရင်ပါတီများစည်းရုံး လုပ်‌ဆောင်မှုအ‌ပေါ် မူတည်‌နေသလို ဧရာဝတီကရင်ပြည်သူများ၏ ‌ရွေးချယ်မှုကလည်း အဓိက အဆုံးဖြတ်‌နေရာတွင် ရှိမည်ဖြစ်သည်။