အောက်တိုဘာ ၂၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ။
မြေယာနှင့် သဘာဝသစ်တော သယံဇာတများကို ဌာနေတိုင်းရင်းသားတို့၏ အစဉ်အဆက်စီမံခန့်ခွဲအုပ်ချုပ်သည့်စနစ်သည် နိုင်ငံတော်၏ သစ်တော မြေယာသဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာမည့်စီမံကိန်းအတွက် အထောက်အကူပြုစေသည်ဟု အောက်တိုဘာလ ၁၈ ရက်နေ့က တနသင်္ာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ပေါခလိုးဒေသ ကနဲဃောရွာတွင် ပြုလုပ်သည့် ဌာနေတိုင်းရင်းသားတို့၏ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲအုပ်ချုပ်မှုစနစ် ဆွေးနွေးပွဲတွင် KNU-ကရင်အမျိုးသားအစည်းအရုံးက ပြောသည်။
KNU ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “တနသင်္ာရီတိုင်းမှာဆိုရင် KNU ထိန်းချုပ်နယ်မြေနဲ့ ဌာနေကရင်လူထုနေတဲ့ နေရာတွေပဲ သစ်တောတွေကျန်တယ်။ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ဟာ တိုင်းပြည်နဲ့ လူသားတွေအတွက် အရေးကြီးတာသိလို့ ဒီနေ့ အထိ ကျနော်တို့ထိန်းသိမ်းလာတာပါ။ သဘာဝသစ်တောတွေကို တိုင်းရင်းသားတွေရဲ့ အစဉ်အဆက်စီမံခန့်ခွဲအုပ်ချုပ်တဲ့စနစ်ဟာ တိုင်းပြည်အတွက် အထောက်အကူပြုစေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဌာနေတိုင်းရင်းသားတို့၏ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲအုပ်ချုပ်မှုစနစ် ဆွေးနွေးပွဲတွင် ဌာနေတိုင်းရင်းသားတို့၏ မြေယာ တောတောင် သစ်တောများအား မိရိုးဖလာစီမံခန့်ခွဲအုပ်ချုပ်မှုစနစ်နှင့် အစိုးရ၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအကြောင်းအရာများကို တက်ရောက်လာသူ ဒေသခံများက တင်ပြဆွေးနွေးကြပြီး သက်ဆိုင်ရာအစုအဖွဲ့များကလည်း သဘောထားများကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ပုလောမြို့နယ် မလိကျွန်းနေ စောသီက “၂ဝ၁၃ ခုနှစ်မှာ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ကျနော်တို့ဘိုးဘွားအစဉ်အဆက်က နေလာခဲ့တဲ့ကျွန်း တစ်ခုလုံးကို အစိုးရက ကြိုးပြင်ကာကွယ်တော လာလုပ်သွားတယ်။ တစ်ကျွန်းလုံးက သူတို့အပိုင်ဖြစ်သွားတယ်။ ကုမ္ပဏီတွေ ဝင်လာတော့ တောတွေအကုန်ရှင်းပြီး အခြားအပင်တွေ စိုက်တော့ တောကိုမှီခိုနေရတဲ့ တိရိစာ္ဆန်တွေကအစ အစာရေစာခက်ခဲသွားတယ်။ သဘာဝဂေဟ စနစ်ကိုဖျက်ပြီး အခြားအပင်တွေအပေါ် အမြတ်ထုတ်သွားတယ်။ ကျနော်တို့ ဌာနေတိုင်းရင်းသာတွေ မျိုးတုံးအောင် လုပ်သလိုခံစားရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ၂ဝ၁၈ ခုနှစ်တွင် ပြင်ဆင်ပြဌာန်းခဲ့ပြီးနောက် ဌာနေတိုင်းရင်းသားဒေသရှိ မိရိုးဖလာ အစဉ်အဆက် စီမံခန့်ခွဲ အုပ်ချုပ်ထားသည့် မြေယာနှင့် တောတောင်များအပေါ် ဥပဒေကြောင့် ဒေသခံများစိုးရိမ်မှုရှိလာပြီး ၎င်းဥပဒေဖြင့် ကျောက်ရှပ်ရွာသား ၄ ဦးနှင့် တလိုင်းယာရွာသား ၄ ဦး တရားစွဲခံနေရသည်ဟု ဒေသခံများက ပြောသည်။
တနသင်္ာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာက“မည်သည့်စီမံကိန်းမဆို ဌာနေတိုင်းရင်းသားနေရာမှာ လာ လုပ်တဲ့အချိန်မှာ ပြည်သူလူထုတွေကို အကြောင်းကြား ရှင်းလင်းပြရမယ်။ သူတို့လက်ခံနိုင်မှသာလျှင် ကုမ္ပဏီဖြစ်ဖြစ် အစိုးရလုပ်ငန်းဖြစ်ဖြစ် လုပ်လို့ရတယ်ဆိုတာ ဥပဒေက ထွက်ပြီးသားပါ။ အဲ့တာနဲ့ ကျနော်တို့ကာကွယ်ပေးနိုင်ပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာပိုင်ဆိုင်မှု မိဘဘိုးဘွားလက်ငုတ်လက်ရင်းဟာတွေကို ပြန်ပြီးတော့ ထိန်းသိမ်းရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဌာနေ တိုင်းရင်းသားတို့၏ မြေယာသဘာဝသယံဇာတ သစ်တောများ မိရိုးဖလာစီမံခန့်ခွဲအုပ်ချုပ်မှုစနစ် ဆွေးနွေးမှုတွင် တနသင်္ာရီတိုင်းဒေကြီးရှိ ပေါခလိုးဒေသ၊ လေညာ-ဘုတ်ပြင်းဒေသမှ ဌာနေကရင်တိုင်းရင်းသားများနှင့် KNUမှ မြေယာ၊ သစ်တော တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များအပါအဝင် စုစုပေါင်း ၂ဝဝကျော် တက်ရောက်လာကြသည်။



















