အောက်တိုဘာ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
အမှုမှန်ပေါ်ပေါက်ရေးကြန့်ကြာနေသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာအုပ်စု ဒုံလီ(မြို့ဟောင်း)ရွာရှိ သိန်းရာကျော်တန် လယ်ထွန်စက်တစ်စီးမီးရှို့ခံလိုက်ရသည့် အမှုအတွက် သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ အရေးတယူဖြင့် စုံစမ်းဖော်ထုတ်မှုများပြုလုပ်ပေးရန် နစ်နာသူများက လိုလားနေကြ ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၇ ရက်၊ ညအချိန်၌ လယ်ကွင်းအနီးတွင် ထားရှိသော လယ်ထွန်စက်တစ်စီးမှာ အကြောင်း ရင်းမသိရဘဲ မီးရှို့ခံရပြီးနောက် သက်ဆိုင်ရာများအား တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်အထိ အမှုမှန်ပေါ် ပေါက်ရေး ထူးခြားမှုမရှိသေးသည့်အတွက် နစ်နာသူများဘက်မှ ယခုလိုထုတ်ဖော်ပြောဆိုလိုက်ခြင်းလည်းဖြစ် သည်။
လယ်ထွန်စက်ပိုင်ရှင်တစ်ဦးဖြစ်သည့် ကိုစိုးမင်းအေးက “ မီးရှို့ခံရပြီး နောက်နေ့မှာပဲ သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူး၊ ရဲတွေကို တိုင်ကြားခဲ့ပေမယ့် ရဲတွေက လာကြည့်ပေးမယ်ပြောပြီးတော့ ဒီနေ့အထိမတွေ့ရသေးဘူး။ စက် ပစ္စည်းက ကျနော့်သူငယ်ချင်းနဲ့ တစ်ယောက်တစ်ဝက် စိုက် ဝယ်ခဲ့တာ။ လမ်းစရိတ်အပါအဝင် သိန်း ၁၀ဝ ကျော်လောက် ကုန်ကျခဲ့တယ်” ဟု ယနေ့(အောက်တိုဘာ ၂၁ ရက်)တွင် ကေအိုင်စီသို့ပြောသည်။

အဆိုပါလယ်ထွန်စက်အား ယမန်နှစ်(၂၀၁၈ ခုနှစ်)တွင် ဒုံလီရွာနေ ကိုစိုးမင်းအေးနှင့် စောပိုင်စိုးတို့မှ လယ်ယာ လုပ်ငန်းသုံးအတွက် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုသိရပြီး ယခုကဲ့သို့ မီးရှို့ခံရမှုနှင့်အလားတူဖြစ်ရပ်များ အဆိုပါ ဒေသတွင် ဖြစ်ပွားခဲ့ဖူးခြင်းမရှိကြောင်းလည်း ဒေသခံများက ကေအိုင်စီသို့ ပြောကြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ခလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောဆန်းညွန့်မောင်က “လောလောဆယ် ကျနော်တို့အနေနဲ့ လိုက်လံ စုံစမ်းပေးတာတော့ လုပ်နေပါတယ်။ ဒီကိစ္စကို ရဲတွေကလည်း သိပါတယ်။ ရဲတွေ က သွားကြည့်မယ်ပြောပေမယ့် အခြား သွားစရာရှိလို့ မကြည့်ဖြစ်လိုက်ဘူးလို့ သိရတယ်။ ဒီကိစ္စ ရဲက ပို ကျွမ်းကျင်ပါတယ်ပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာအုပ်စု၊ ဒုံလီ(မြို့ဟောင်း)ရွာရှိ ဒေသခံများအနေဖြင့် ရာဘာ၊ ကိုင်း သီးနှံစိုက်ပျိုးခြင်းအပြင် ရာခိုင်နှုန်းခန့်မှာ လယ်လုပ်ငန်းကိုင်ကြသည့်အတွက် ကျွဲ၊ နွားများအစား ထွန်ယက် စိုက်ပျိုးရေး လွယ်ကူရန် ယခုလယ်ယာသုံးစက်ပစ္စည်းများကို အစားထိုးအသုံးပြုမှုများရှိလာခြင်းလည်း ဖြစ် သည်။



















