အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ
ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို စိုးရိမ်မှုများရှိနေသည့်အတွက် ကရင်ပြည်နယ်ရှိ ကျောက်မီးသွေးလောင်စာသုံး ဘိလပ်မြေစက်ရုံလည်ပတ်နေမှုများကို ရုပ်သိမ်းပေးရန် စက်ရုံ အနီးဝန်းကျင်ကျေးရွာတွင်နေထိုင်သည့် ဒေသခံများက လိုလားမှုများရှိနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ မြိုင်ကလေးဘိလပ်မြေစက်ရုံအနီးဝန်းကျင် ကျေးရွာများ တွင်ရှိသည့် အင်းအိုင်ချောင်းမြောင်းနှင့်ရေတွင်းအချို့တို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေများမည်းနက်လာကိစ္စမှာ ကျောက်မီးသွေးကြောင့်ဟု ဒေသခံများဘက်က ယူဆမှုများရှိနေသည့်အတွက် ယခုကဲ့သို့ ပြောဆိုမှု များရှိ လာခြင်းဖြစ်သည်။
မြိုင်ကလေးကျေးရွာအုပ်စု မြိုင်ကလေးရွာကြီးရွာမှ ဒေသခံတစ်ဦးက “ လက်ရှိကျနော်တို့ကျေးရွာမှာ ကျောက် မီးလောင်စာသုံးလည်ပတ်တဲ့ တန် ၄,၀၀ဝ ရှိတယ်။ ဘာလို့စိုးရိမ်လည်းဆိုတော့ စက်ရုံက ရွာပေါင်း ၃ဝ ကျော်ပတ်လည်ဝိုင်းထားတဲ့ အတွက်ကြောင့်ပါ။ ဒီကျောက်မီးသွေးလောင်စာသုံးလို့ ထွက်တဲ့အမှုန်အမွှား တွေကို ရွာတွေက အကုန်ခံစား ကြရမယ်။ ဒါကြောင့် ရေရှည်သားစဉ်မြေးဆက်အတွက် ဒီလိုလည်ပတ်တာ ကိုဆက်မလုပ်ဖို့ တောင်းဆိုလို ပါတယ်” ဟုပြောသည်။
ထို့အပြင် လက်ရှိကရင်ပြည်နယ် မြိုင်ကလေးကျေးရွာအုပ်စုတွင်ရှိသည့် တန် ၄,၀၀ဝ ဘိလပ်မြေစက်ရုံကြီးမှာ ယခု ကျောက်မီးသွေးလောင်စာအသုံးပြုလည်ပတ်သည့်အတွက် ၎င်းစက်ရုံမှ လိုအပ်သည့် ကျောက်မီး သွေး များကို သယ်ဆောင်၊ စုပုံအသုံးပြုနေမှုများနှင့်ပတ်သက်ပြီး ဒေသခံများက ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နတ်ကုန်းရွာဘုန်းကြီးကျောင်းတွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် ဒေသခံရွာသားများမှ ကျောက်မီးသွေး လောင်စာသုံးဘိလပ် မြေစက် ရုံကြောင့် ၎င်းတို့တွေ့ကြုံခံစားရနေမှုများ၊ လိုလားချက်များကို အသီးသီးထုတ်ဖော်ပြောဆို၊ တောင်းဆို မှုများ လည်းပြုလုပ်ခဲ့ကြသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အချို့မှလည်း ပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ခြင်း -EIA မရှိ သလို လူထုနှင့်တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရယူခြင်းမရှိသည့် ကရင်ပြည်နယ်တွင်း ကျောက်မီးသွေး လောင်စာသုံးစက်ရုံလည်ပတ်ခြင်း၊ သယ်ယူ၊ စုပုံခြင်း၊ သိုလှောင်ခြင်းများကို နိုင်ငံတော်အစိုးရမှ ထိရောက်စွာ အရေးယူပေးရန်နှင့် ကျောက်မီးသွေးလောင်စာသုံးစက်ရုံလည်ပတ်ခြင်းကို လုံးဝပိတ်သိမ်းပေးရန် အောက်တို ဘာလ ၂၁ ရက်နေ့က သဘောထားထုတ်ပြန်တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။
ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့မှ စောသာဘိုးက “ကျနော်တို့က ဘိလပ်မြေစက်ရုံတစ်ခုလုံးကို ပိတ်ခိုင်း တာမဟုတ်ဘူး။ ကျောက်မီးသွေးနဲ့လည်ပတ်နေတာကို လုံးဝပိတ်သိမ်းပေးဖို့ပြောတာဖြစ်ပါတယ်။ အရင်လို ဂက်စ်နဲ့လည်တာဆိုဆက်လည်ပေးပါ။ ဒါမျိုးကို ကျနော်တို့ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို လည်တာ တောင်မှ ထွက်ရှိလာတဲ့အမှုန်အမွှားတွေကို နည်းစနစ်တကျနဲ့နိုင်ငံတကာ အဆင့်မြင့်တင်ဖို့ တောင်း ဆိုတာဖြစ်တယ်” ဟုပြောသည်။
မည်းနက်လာနေသောရေ၊ အကြောင်းရင်းမသိသေဆုံးရသည့်ငါးဖြစ်စဉ်များကြောင့် နတ်ကုန်း ကျေးရွာအပါ အဝင် ဆက်စပ်နေသည့်ရွာများတွင် စိုးရိမ်ပူပန်စိတ်ကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်နေ သည့်အတွက် ပြည်နယ်အစိုးရဘက်က ရေသန့်စက်တပ်ဆင်ခြင်း၊ ရေတွင်း တူးခြင်းအပြင် စေတနာရှင် အလှူရှင်များကလည်း နေ့စဉ်ရေလှူဒါန်းမှုများ ပြုလုပ်ပေးနေရဆဲဖြစ်သည်။
လတ်တလောဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအပါအဝင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့များမှ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်နေကြောင်းသာပြောဆိုပြီး ယနေ့အထိ တိ ကျသေချာသည့် အဖြေတစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်းလည်း သိရသည်။



















