Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ဘီးခွန်ဂိတ်ဖွင့်မည်ကို ‌ဒေသခံများမလိုလား

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ဘီးခွန်ဂိတ်ဖွင့်မည်ကို ‌ဒေသခံများမလိုလား

2574

ဇူလိုင် ၂၈ရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့မှ ဝင်း‌ရော်‌ဒေသ၊ ခလယ်-တံခွန်တိုင် မြို့ဝင်ဘီးခွန်‌ကောက်ခံ‌ရေးဂိတ်တစ်ခု ကို ယခုနှစ်တွင် ‌လေလံတင်‌ရောင်းချပြီး လာမည့်‌အောက်တိုဘာလအတွင်း ဖွင့်လှစ်ထားရှိသွားမည့်အ‌ပေါ် မလိုလားကြ‌ကြောင်း ‌ခေါ်ယူ‌တွေ့ဆုံ ရှင်းလင်းမှုအပြီးတွင် ‌ဒေသခံများက ‌ပြောဆိုကြသည်။

ယမန်‌နေ့က ခလယ်‌ကျေးရွာအုပ်စု ဘုရားငါးဆူရွာအဝင် ဘီးခွန်‌ကောက်ခံ‌ရေးဂိတ်အား ထားရှိ‌ဆောင်ရွက်နိုင်ရန် နယ်ခြား‌စောင့် တပ်-BGF အမှတ်(၁ဝ၂၃) ကွပ်ကဲ‌ရေးမှ ဒုဗိုလ်မှူးကြီး‌စော‌ဒေါ‌ဒေါနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ လက်‌ထောက်ညွန်ကြား ‌ရေးမှူး ဦးခင်‌မောင်ချိုတို့က ခလယ်ရွာခန်းမ‌ဆောင်တွင် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ရပ်မိရပ်ဖများအား လာ‌ရောက်‌တွေ့ဆုံ ညှိနှိုင်းသွား‌ကြောင်း သိရသည်။

ဝင်း‌ရော်‌ဒေသခံ ‌စောရာ‌ကျော်က “ကျုံခဝန်ရွာက‌နေ မုဒုံအထိသွားမယ်ဆိုရင် ဂိတ် ၆ခု‌လောက်ရှိမယ်။ ဂိတ်ဖိုး ၅‌ထောင်၊ ၆‌ထောင်‌လောက် ကုန်တယ်။ အခုပါ ထပ်တိုးလာမယ်ဆိုရင်‌တော့ အဆင်မ‌ပြေနိုင်ဘူး‌ပေါ့‌နော်။ ကား‌မောင်းတာကလည်း တစ်ရက်ဘယ်‌လောက်မှ မရဘူး။ ဂိတ်ဖိုးနဲ့ပဲ ‌ပေး‌နေရတယ်။ ခလယ်-တံခွန်တိုင်ဆိုတာက မြို့လည်း မဟုတ်‌သေးဘူး‌လေ။ မြို့ဝင်ဘီးခွန်‌ကောက်ခံတာ‌တော့ မဖြစ်သင့်ဘူး‌ပေါ့‌နော်။ အခွန်ဝန်ထုပ်ဝန်ပိုးဖြစ်‌စေတယ်။”ဟု ဇူလိုင် ၂၇ရက်‌နေ့က ‌ကေအိုင်စီ သို့‌ပြောသည်။

အဆိုပါ ဘီးခွန်ဂိတ်ထားရှိရန် လျာထားသည့်‌နေရာသည် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်း‌ရေးမြို့နယ်အုပ်ချုပ်‌ရေးနှင့် NMSP-မွန်ပြည်သစ်ပါတီ၏ ‌တောင်‌ပေါက်နယ်‌မြေအုပ်ချုပ်မှု‌အောက်တွင်ဖြစ်ပြီး အစိုးရနှင့် ‌ရော‌နှောအုပ်ချုပ်‌သော နယ်‌မြေဖြစ် သည့်အတွက် မြို့ဝင်‌ကြေးဂိတ်အသစ်ဖွင့်လှစ်မည့်အ‌ပေါ် ပဋိပက္ခဖြစ်လာမည်ကို ‌ဒေသခံအချို့က စိုးရိမ်‌နေကြသည်။

ဝင်း‌ရော်‌ဒေသ ကျုံခဝန်-‌တောင်ဒီး-ခလယ်-တံခွန်တိုင်မှ မွန်ပြည်နယ် မုဒုံမြို့သို့ အစိုးရနှင့် တိုင်းရင်းသားလက်နက်အဖွဲ့များ၏ ဘီးခွန်ဂိတ် ၆ခုထက်မနည်း ရှိထားသည့်အတွက် ‌နောက်ထပ်ဂိတ်အသစ် ထပ်တိုးမှုမလုပ်ဘဲ အဖွဲ့များအချင်းချင်း ညှိနှိုင်းကြပြီး ဂိတ်တစ်ခုထဲထားရှိရန်ကိုသာ ဆန္ဒရှိကြ‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

“ဘီးခွန်ဂိတ်လာဖွင့်မယ်ဆိုရင် KNU တို့၊ မွန်ပြည်သစ်ပါတီတို့ ညှိနှိုင်းဖို့‌တော့ လိုတယ်‌ပေါ့‌နော်။ နိုင်ငံ‌တော်အခွန်အတွက်‌ရော၊ ‌ဒေသခံအတွက်‌ရော တကယ်အကျိုးရှိရင်‌တော့ ‌ကောင်းတယ်‌ပေါ့‌လေ။ BGF နယ်ခြား‌စောင့်တပ်နဲ့ အစိုးရလုပ်မယ်လို့ သိထား တယ်။ ညှိနှိုင်းမှုမရှိဘဲ လုပ်သွားမယ်ဆိုရင် အဆင်မ‌ပြေနိုင်ပါဘူး။”ဟု ဇူလိုင်လ ၂၇ရက်‌နေ့တွင် ဘုရားငါးဆူ‌ကျေးရွာ အုပ်ချုပ် ‌ရေးမှူး ဦးမင်းခိုင်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းမြို့ဝင်ဘီးခွန်ဂိတ်မှ ရရှိမည့်အကျိုးအမြတ်များကို ‌ဒေသဖွံ့ဖြိုး‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးအတွက်ပါ ‌ထောက်ပံ့သွားမည်ဟု လည်း ‌ဒေသခံများနှင့် ညှိနှိုင်း‌တွေ့ဆုံစဉ် BGF အမှတ်(၁၀၂၃) ကွပ်ကဲ‌ရေးဘက်က ‌ပြောဆိုသွားခဲ့‌ကြောင်း ‌ကျေးရွာအုပ်ချုပ်‌ရေး မှူးထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ စည်ပင်သာယာ‌ရေးအဖွဲ့ လက်‌ထောက်ညွန်ကြား‌ရေးမှူး ဦးခင်‌မောင်ချိုက “မြို့ဝင်‌ကြေးဂိတ်ပါ။ ‌လေလံ‌ခေါ်ပြီး လုပ်တဲ့အ‌နေအထားမှာ ဆွဲမယ့်သူ မရှိဘူး။ လုပ်ငန်းလည်း မပြတ်‌စေချင်ဘူး‌လေ။ အဖိုးတို့တစ်ဆင့် လုပ်မလား ဆိုပြီး လုပ်မယ်ဆို‌တော့ နည်းနည်းသွားညှိနှိုင်းမယ်ဆိုပြီး‌တော့ ထွက်လာကြတာပါ။ လုပ်မယ့်သူရှိရင် ပြန်ညှိနှိုင်း‌ပေးမယ်။ ဆိုင်း ဘုတ်‌ထောင်ပြီး ‌ပြေစာနဲ့ စည်ပင်တံဆိပ် ရိုက်‌ပေးထားမယ်။ သတ်မှတ်‌ပေးထားတဲ့နှုန်းထားထက် ပို‌ကောက်လို့မရဘူး။ လက်နက်ကိုင်အဖွဲ့အ‌နေနဲ့ ‌ဘေးက‌နေ ရံတဲ့အ‌နေအထားပဲ သွားရမှာ‌ပေါ့။”ဟု ဇူလိုင်လ ၂၇ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ခလယ်-တံခွန်တိုင် မြို့ဝင်ဘီးခွန်ကို မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့က ‌လေလံကြမ်းခင်း‌ဈေး ၇သိန်း ၃‌သောင်းဖြင့် ‌လေလံရရှိ သူအ‌နေဖြင့် အာမခံ‌ကြေးနှင့် စာချုပ်စာတမ်း‌ကြေး အပါအဝင် တစ်နှစ်စာ ၈သိန်းဝန်းကျင် အခွန်‌ပေး‌ဆောင်ရမည်ဖြစ်သည်။ ၎င်း ‌လေလံသက်တမ်းအရ ၂ဝ၁၉၊ ‌အောက်တိုဘာလ ၁ရက်မှ ၂ဝ၂ဝ၊ စက်တင်ဘာလ ၃ဝရက်‌နေ့အထိ မြို့ဝင်ဂိတ်‌ကြေးကို ‌ကောက်ခံခွင့်ရှိမည်ဟု မြို့နယ်တာဝန်ရှိသူက ‌ပြောသည်။

ထိုကိစ္စအ‌ပေါ် KNU ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက “အဲ့ကိစ္စနဲ့ပတ်သက်ပြီး မနှစ်က စည်ပင်သာယာက‌နေ ‌လေလံ ရယူပြီး မြို့ဝင်ဘီးခွန်ဖွင့်ဖို့ လုပ်သွားကြ‌သေးတယ်။ လူထုလက်မခံဘူး‌လေ။ ကျ‌နော်တို့ပဲသွားပြီး ဖြုတ်ချလိုက်တာပါ။ ကျ‌နော်တို့ လက်မခံဘူး‌လေ။ အခုလာဖွင့်မယ့်ကိစ္စက လာ‌ရောက်ညှိနှိုင်းတာမျိုး မရှိပါဘူး။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့အဝင် ဘီးခွန်ဂိတ်ကို ကျပ် ၅၈သိန်းဖြင့်လည်း‌ကောင်း၊ ဝင်း‌ရော်‌ဒေသဘက် ခလယ်-တံခွန်တိုင်‌ကျေးရွာအ ဝင် ဘီးခွန်ဂိတ်ကို ကျပ် ၈သိန်းဝန်းကျင်ဖြင့်လည်း‌ကောင်း တစ်နှစ်စာ ‌လေလံ‌ရောင်းချထားသည့်အပြင် သားသတ်လိုင်စင်အ ‌ကြောင်းနှင့် အ‌ပေါင်ဆိုင်လိုင်စင်တစ်ခုပါ ‌လေလံ‌ရောင်းချသွားမည့်အ‌ကြောင်း မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ တာဝန်ရှိသူများ က ‌ဒေသခံများနှင့် လာ‌ရောက်‌တွေ့ဆုံစဉ် ရှင်းလင်း‌ပြောကြားသွားခဲ့သည်။