ဇူလိုင် ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ကရင်စာသင်ရိုး ဖြစ်မြောက်ရေးကော်မတီက စကောနှင့် ပိုုး ဒုတိယတန်းကရင်စာသင်ရိုးကို ဆက်ရေးဆွဲသွား ရန် ဇူလိုင် ၂ဝ ရက်နေ့တွင် အမှတ် ၅၂၄၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်တွင်ပြုလုပ်သည့် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။
အဆိုပါ ကရင်စာပေသင်ရိုး ဖြစ်မြောက်ရေးကော်မတီအစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များနှင့် ကရင် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင်စုစုပေါင်း ၅ဝ ဦးခန့်တက်ရောက်ခဲ့ပြီး ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကော်မတီအတွင်းရေးမှူး မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “အစည်းအဝေးဆုံးဖြတ်ချက်တွေကတော့ ဒုတိယတန်းဆက်ရေးဆွဲမယ်။ စကောကရင်ကိုတော့ ရန်ကုန် မှာ ပြုစုရေးအဖွဲ့က ပြုစုမယ်။ အနောက်ပိုးကရင်က ပုသိမ်မှာရေးဆွဲမယ်။ နောက်တစ်ချက်က ကုန်ကျ စရိတ်ကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ ကရင်ပြည်နယ်စသဖြင့် တိုင်းနဲ့ပြည်နယ်လေးခုက ကျပ် ၂၅သိန်းစီထည့်ဝင်ဖို့။ ရေးဆွဲ ရေးမှာပါဝင်တဲ့ စာပေပညာရှင်၊ နည်းပညာရှင် စတဲ့သူတွေကို ဂုဏ်ပြုဖို့၊ အလှူငွေ ထည့်ဝင်သူတွေကို ဂုဏ်ပြုဖို့ ဆုံးဖြတ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို ဒုတိယတန်း ကရင်စာသင်ရိုးရေးဆွဲရေး လုပ်ငန်းစဉ်များကို ယခင်ပထမတန်းသင်ရိုးရေးဆွဲရေးတွင် ပါဝင်ခဲ့သူများ ပြန်လည်ပါဝင်ရန်ဖိတ်ခေါ်လိုပြီး ဒုတိယတန်းသင်ရိုးကို စောစောပြီးစီးအောင်ရေးဆွဲသွားမည်ဟု သင်ရိုးရေးဆွဲရေးအဖွဲ့ဝင် ဘာသာဗေဒပညာရှင် ဆရာမနော်ဆာရှီးက ပြောသည်။
“ကျောင်းတွေမှာ ကရင်စာသင်ပေးနေတဲ့ ဆရာမတွေကိုမေးကြည့်တော့ သူတို့ကို သင်ကြားရေး သင်တန်းမရှိ ဘူး။ နည်းပညာပိုင်းဘယ်လို ပံ့ပိုးမလဲ၊ ဒါတွေအပြင် သူတို့စာအုပ်တွေလည်းလိုတယ်။ ဒါကို ဘယ်လို စဉ်းစား ဆုံးဖြတ်ပြီး ကိုယ့်ကလေးတွေအတွက် အကောင်းဆုံးဖြစ်အောင်ဝိုင်းလုပ်ကြရမယ်” ဟု ဆရာမနော်ဆာရှီးက ပြောသည်။
ကရင်စာသင်ရိုး ဖြစ်မြောက်ရေးကော်မတီအနေဖြင့် ကိုယ်ထူကိုယ်ထလုပ်ဆောင်နေခြင်းဖြစ်ပြီး ပထမတန်း ပိုးနှင့် စကောသင်ရိုး ရေးဆွဲစဉ်က စုစုပေါင်း ကျပ်သိန်း ၂၆ဝ ကျော်ကုန်ကျခဲ့သည်။ ထို့အတွက် ဒုတိယတန်း သင်ရိုး ရေးဆွဲရေးအတွက် ဘဏ္ဍာငွေလိုအပ် နေပြီး ကရင်မိဘပြည်သူများအနေဖြင့် စုပေါင်းထည့်ဝင်ကြရန် ကော်မတီတာဝန်ရှိသူများက နှိုးဆော်ထားသည်။
ကရင်စာပေသင်ရိုး ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးငါးခုမှ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ ကရင်စာပေပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီ အနေ ဖြင့် ပထမတန်း ပိုးနှင့် စကော ကရင်စာသင်ရိုးများကို ရေးဆွဲကာ ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့သည်။



















