ဧရာဝတီတိုင်းတွင် ယခင်က ကရင့်တော်လှန်ရေးတွင် ထဲထဲဝင်ဝင် လက်နက်စွဲကိုင်ပြီး မြန်မာအစိုးရကို တော်လှန်ခဲ့ကြသည့် တော်လှန်ရေးသမားဟောင်းကြီးများ၏ ဖြတ်သန်းမှု အချိုးအကွေ့နှင့် လက်ရှိ တော်လှန်ရေး အခင်းအကျင်းအပေါ် သုံးသပ်ချက်၊ အကြံပြုချက်များကို နှစ် (၇ဝ)ပြည့် ကရင့်တော်လှန်ရေးနေ့ အမှတ်တရအတွက် စုစည်းတင်ပြလိုက်ပါသည်။
မန်းထီးရှု
တော်လှန်ရေးထဲကို ဝင်ဖြစ်တဲ့အကြောင်းက အမှန်က တပ်ရင်း ၄ (ဗမာတပ်)က ကျောင်းကုန်မြို့နယ်၊ တံခွန်တိုင်မှာ စခန်းချတယ်။ ရဲဘော်မြင့်မောင်ဆိုပြီး ကျနော်တို့ဆီမှာပြန်လာတောခိုတယ်။ အဲ့တုန်းက ကျနော်တော်လှန်ရေး အလုပ်ကို မလုပ်သေးဘူး။ သူ့ကို ဗိုလ်သန်းအောင်ဆီပို့ပေးလိုက်တဲ့အခါ ကျနော့်နာမည်ပေါ်သွားတယ်။ အဲ့လို နာမည်ပေါ်သွားတော့ ကျနော်လည်းမနေရဲတော့ဘူး။ စစ်တပ်က လာဖမ်းတာကိုး။ ကျနော် ရဲဘော်မြင့်မောင်ကို ဗိုလ်ကြီး(ဗိုလ်သန်းအောင်)ဆီသွားပို့တဲ့အခါ အဲ့မှာ အလင်းဝင်တဲ့ ရဲဘော်တစ်ယောက်ရှိတယ်။
အဲ့မှာ ကျနော့်ကိုတွေ့တော့ တံခွန်တိုင်မှာရှိတဲ့ တပ်ရင်း (၄)မှာပြန်လာပြီး သွေးထိုး(သတင်းပေး)တယ်ပေါ့။ အဲ့ကောင်က ကုက္ကိုစုမှာရှိတယ်တဲ့။ ဗိုလ်မြင့်မောင်ကို ထိန်ကွင်းမှာ သွားပို့လိုက်တယ်။ အဲ့လိုသွားပြောပြတော့ သူ့ကိုမေးတယ်။ ဘယ်လို ပုံစံမျိုးလဲပေါ့။ ဒါပေမဲ့ အဲ့ဒီဗမာတစ်ယောက်က ကျနော့်ကိုတော့ သေချာမသိဘူး။ ဒါပေမဲ့ သူပြောပြလိုက်တာက ကျနော့်မှာက ရွှေသွားရှိတယ်ပေါ့။ အဲ့လိုပြောပြတော့ တိုတိုပြောရရင် သူတို့က ကျနော့်ကိုလာဆင်း ဖမ်းတာပေါ့ဗျာ။ အဲ့လိုလာဆင်းဖမ်းတော့ ကျနော့်တဝမ်းကွဲ သူကြီးက လာပြီး ရှောင်ပြေး ခိုင်းတယ်။ မရှောင်ပြေးရင် မချောင်ဘူးပေါ့ဗျာ။ အဲ့လိုရှောင်ပြေးရင်းကနေ မိုးကုတ်ကွင်း၊ မိုးလုံးမြူ ကိုရောက်တော့ ဗိုလ်မှူး အယ်စတိန်းတို့ ဗိုလ်ကြီးသန်းတို့နဲ့တွေ့တော့ အဲ့လိုနေလို့တော့မဖြစ်ဘူး။ သူတို့နောက် လိုက်ပေါ့။ သူတို့နောက်ကိုမလိုက်ရင် ခံရမယ်ပေါ့။ အဲ့ကနေ စတာပေါ့။ ကျနော် တော်လှန်ရေးထဲဝင်တော့ စည်းရုံးရေးအနေနဲ့ ကေဒါ ရုံးလုပ်ငန်းတွေလုပ်ရတာပေါ့။
အဲ့တုန်းက အခွန်အကောက်တွေ ကောက်ခံရတယ်။ အဲ့လိုအခါ စစ်တပ်က ကြားတော့ လာတိုက်တော့ ကျနော်တို့က ခုခံရတာပေါ့။ ဒါပေမဲ့ အဲ့တုန်းကတော့ ဘယ်နိုင်မလဲ။ မြစ်ဝကျွန်းပေါ်က စခဲ့တဲ့ ကရင့်တော်လှန်ရေးက အဲ့မှာ ကျဆုံးပြီး ဒီဘက်ကို ဆုတ်လာရတဲ့ အခြေအနေက ကျနော်တို့ ကရင်တွေ အချင်းချင်း နားမထောင်ကြဘူး။ မစည်းလုံးကြဘူး။ အဲ့တော့ ရှေ့ဆက် သွားဖို့ကို မရောက်နိုင်တော့ဘဲ ကျဆုံးသွားရတာပဲ။ အခုဆိုရင်တော်လှန်ရေးကို နှစ်(၇၀)ပြည့်သွားပြီး။ ကျနော်တို့ တော်လှန်ရေး ရည်မှန်းချက်ကို အောင်မြင်ဖို့ဆိုရင် ရိုးရိုးလေးပြောရရင် စည်းလုံးဖို့အချိန်တန်ပြီ။ တချို့က ဗုဒ္ဓ၊ ခရစ်ယာန်ဆိုပြီးခွဲခြားချင်နေကြတာရှိချင်တယ်။ ဒါပေမဲ့အခုချိန်တော့ ဒါတွေ မရှိသင့်တော့ဘူး။ ကရင်ဆိုရင် ဘယ်ဘာသာပဲကိုးကွယ်ပါစေ ကရင့်သွေးပဲရှိကိုးရှိနေရမယ်။ ကရင်တွေ စိတ်တူ ကိုယ်တူဖြစ်လာ ရင်တော့ကိုယ့်ရည်မှန်းချက်ကိုရောက်နိုင်မှာပဲ။
မန်းဖိုးချစ်
၁၉၅၈ ခုနှစ်ကိုကစပြီးတော့ စစ်တပ်က ကျနော်တို့ကို ခဏခဏလာလာဒုက္ခပေးတယ်။ အဲ့ဒါနဲ့ပဲ ကျနော်ပါ ထွက်ပြေးရကော၊ ထွက်ပြေးတော့ ကျုံတာမှာရှိတဲ့ အဖိုးရွှေဝင်းဆီသွားနေရတယ်။
အဲ့မှာသွားနေတုန်းက အသက်က ၁ဝနှစ်လောက်ပဲရှိသေးတယ်။ အဲ့မှာကျနော့်အသက်က ၁၅ နှစ် ၁၉၆၂ ခုနှစ်မှာ တော်လှန် ရေးထဲကို လက်နက်ကိုင်ဝင်ခဲ့တယ်။ လက်နက်ကိုင်တဲ့အချိန်မှာ အဲ့မှာတိုက်ရတော့တာပေါ့။
နောက်ဆုံးတော့ ၄ နှစ်ကြာမှ ရွာကို ပြန်ရောက်တယ်။ ကျနော်တို့အတွက်နဲ့ တစ်ရွာလုံးက အထုရိုက်ခံရ အိမ်ဖျက်ခံရတာပေါ့။ အဲ့မှာ အစ်မတစ်ဝမ်းကွဲတစ်ယောက် သွေးနု သားနု နဲ့ရူးပါရူးပြီး သေသွားတဲ့ အထိဖြစ် သွားတာပေါ့။ တော်လှန်ရေးထဲရောက်တော့ အဲ့ဒီမှာ ကျနော်တို့ဝါသနာက စစ်ပဲတိုက်ချင်တော့စစ်ပဲတိုက်တယ်။ ညီညွတ်မှုက စည်းလုံးမှုရဲ့အင်အားပဲ။ ကိုယ့်လူမျိုးစည်းစည်းလုံးလုံးရှိဖို့၊ သပ်လျှိုလို့မရအောင် တစ်ယောက်နဲ့ တစ်ယောက် ညှိညှိနှိုင်းနှိုင်းနဲ့လုပ်ကြ။ အဲ့ဒါတစ်ခုကတော့ အဓိကပဲ။ နောက်ပြီး မြစ်ဝကျွန်းပေါ်နဲ့ ဒီဘက် တော်လှန်ရေးနယ်မြေတွေပြန်လည်ပေါင်းစည်းဖို့ လိုတယ်။
မန်းနေထူး
ကျနော်တော်လှန်ရေးထဲမှာ ဝင်ဖြစ်သွားတာက အဲ့တုန်းက ကိုယ်ကအသက်ငယ်တဲ့အချိန် တစ်ဖက်မှာကလည်း ကိုယ့်မိဘတွေလည်း ဗမာစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုကိုကြုံတွေ့ခဲ့ရတာကြောင့် ကျနော်အရွယ်ရောက်လို့ သေနတ်ကိုင်နိုင်တဲ့အရွယ်မှာပဲ ဒါကိုပြန်တော်လှန်ချင်လို့ ဝင်သွားတယ်။ အဲ့လိုဝင်ပြီး ၇နှစ်ကြာတော့ တပ်စုမှူး ဖြစ်လာတယ်။ အဲ့လို တပ်စုမှူးမဖြစ်ခင်တော့ တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးတယ်။ အဲ့တုန်းက ၁၉၆၂ခုနှစ် လောက်ဖြစ်မယ်။ ဇွန် ၇ရက်နေ့မှာ ပိတ်ဆို့ရေးတွေ လုပ်တော့ ဇူလိုင်လအထိ တစ်လလောက် ထမင်းငတ်ခဲ့ဖူး တယ်။
နောက်ပြီး ရန်ကုန်မှာ ၈၈အရေးအခင်းမှာလည်းပါဝင်ခဲ့တယ်။ ရန်ကုန်ကနေ မြစ်ဝကျွန်းပေါ်ကို ပြန်ဆင်းလာတော့ အဲ့မှာ သူများကျနော့်ကိုတာဝန်ပေးလို့ သပိတ်ခေါင်းဆောင်ဖြစ်လာတယ်။ အဲ့မှာအာဏာ သိမ်းတော့ ကျနော်ထောင်ကျသွားတယ်။ ထောင်ကပြန်ထွက်တော့ NLDပါတီထဲမှာပြန်ဝင်လုပ်ဖြစ်တယ်။ အဲ့မှာ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ကျနော်တို့ကို သူများတစ်ခါပြန်ဖမ်းတယ်။ အဲ့မှာဆိုရင် အမျိုးမျိုးနှိပ်စက်ခံခဲ့ရဖူး တယ်။ အဲ့လိုခံခဲ့ရပေမဲ့ ကျနော်တို့ စိတ်ဓါတ်ကပိုပြင်းထန်လာတယ်။ အခု ကျနော်တို့ ကနဦး ပေးဆပ်ခံခဲ့ရပေမဲ့ ယနေ့အချိန်ထိ ကျန်ရှိတဲ့ ကျနော်တို့လူမျိုးတွေဆက်ပြီး တွန်းလှန်တော်လှန်လာလို့ ယနေ့အချိန်ထိ ရှိနေတုန်းပေါ့။
ဒါကြောင့် ကျနော်တို့ တွေ့ရတာအရမ်းဝမ်းသာတယ်။ ဒါပေမဲ့ ရည်မှန်းချက်မရောက်သေးတဲ့ အတွက် ကိုယ့်အမျိုးသားရေးကို ဘယ်လို လက်တွဲလုပ်ဆောင်နိုင်မလဲဆိုတာကို စဉ်းစားဖို့လိုလာတယ်။ ကျနော် စဉ်းစားတာက ကျနော်တို့ ကရင်တွေက နေရာဒေသနယ်ပယ်အစုံမှာရှိနေတဲ့အတွက် ကျနော်တို့ ကရင်တွေ ပြန်လည်စည်းလုံးဖို့ သွေးစည်းဖို့ဆိုရင် ပညာရေးကအဓိကပဲ။ ကျနော်နားလည်ထားတာက ပညာရေးက ကျနော်တို့အတွက်အရမ်းကိုအရေးကြီးတယ်။ ပညာရှိမှာ ပိုမိုနားလည်မှုရှိမယ်၊ စည်းလုံးလာမယ်။ ပညာမရှိရင်တော့ နားလည်မှု သွေးကွဲမှုတွေအခက်အခဲကအမြဲရှိနေမှာပဲ။ ဒါကြောင့် ကျနော်အကြံပြုချင်တာက လူငယ်တွေအနေနဲ့ ကိုယ့်လူမျိုးကို လွတ်မြောက်စေချင်ရင် ကိုယ့်အမျိုးသားရေးအတွက် လုပ်မယ်ဆိုရင် အရေးကြီးတာက ပညာရေးပဲဖြစ်တယ်။ အရင်က သူတိုက်ကိုယ်တိုက်တဲ့အခါ သူသေကိုယ်သေပဲရှိတယ်။ ဒါကြောင့်ခေတ်စနစ်ပြောင်းလဲလာမှုအရတော့ ပညာရေးကလောင်လက်နက်နဲ့ ပြန်တိုက်ဖို့လိုလာလိမ့်မယ်။
စောပါသွဲ
ကျနော့်အဖေကစပြီးတော့ တော်လှန်ရေးကို ကူညီပြီးလုပ်လာတာပေါ့။ ကျောင်းကုန်းမြို့ကို သွားတိုက်တဲ့ပွဲမှာ ပါဝင်ခဲ့တယ်။ ၁၉၆၂ခုနှစ်မှာပဲ ကျနော့်လူမျိုးအပေါ် စိတ်အားထက်သန်လာတာနဲ့ ပြောက်ကျားတပ်ရင်း (၃)၊ အမှတ် (၇)ခရိုင်၊ အဲ့မှာ တပ်ရင်းမှူး ဗိုလ်မှူးဖန်းရှောင်းဆီမှာပေါ့။ ကျနော်တို့ တော်လှန်ရေးထဲဝင်တော့ ကျနော် တာဝန်ယူတာကတော့ (WO 1)နဲ့ လူနာတွေကိုကြည့်တဲ့တာဝန်ကိုယူရတယ်။ နောက်ဆုံး မြစ်ဝကျွန်းပေါ် ပိတ်ဆို့ရေးမှာ ၃လလောက် ထမင်းငတ်တော့ လက်နက်ချလိုက်တယ်။ အဲ့မှာတုန်းက ကျနော်တို့ ရဲဘော်တချို့ သေသွားကြတာပေါ့။ တော်လှန်ရေးကာလမှတ်မှတ်ရရအနေနဲ့ဆိုရင် အဲ့တုန်းက ဗိုလ်မှူးအောင်ဖေ ဦးဆောင်တဲ့ ရန်သူ အယောက် ၂ဝကို ကျနော်တို့ တပ်ရင်းမှူး ဗိုလ်မှူးဖန်းရှောင်က ဖမ်းမိတော့ သူတို့ကို နားလည်အောင် ပြောပြီး ပြန်လွတ်ပေးဖူးတယ်။
နောက်ပြီး ဗိုလ်မှူးချစ်တင် ဗိုလ်မှူးအိုင်ဒေါလည်းခေါ်တယ်။ သူဦးဆောင်တဲ့ ရန်သူတပ် အယောက် (၆၀)လောက်ကို ရိုးဂွ တိုက်ပွဲမှာ ဖမ်းမိပြီး ဗိုလ်မှူးချစ်တင်(အိုင်ဒေါ)ကျတော့ တရားဟောပြီး ပြန်လွှတ်ပေးလိုက်တယ်။ ကျနော် မြင်ချင်တယ်၊ ကျနော်တို့ လူမျိုးတွေ ချစ်ချစ်ခင်ခင်နဲ့ စည်းစည်းလုံးလုံး ရှိနေတာ ရဲရဲရင့်ရင့်ဖြစ်နေတာ သုံးရောင်ခြယ် အမျိုးသားအလံအောက်မှာပဲ ညီညီညွတ်ညွတ် နဲ့ ရှိနေကိုမြင်ချင်တယ်။ အမျိုးသားအလံတော်အောက်မှာပဲ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ဆက်ရှိနေဖို့ကို လက်ရှိ တော်လှန်နေဆဲသူတွေကို အကြံပြုပေးချင်တယ်။