ဒီဇင်ဘာ ၂ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
မြဝတီခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ဒီဇင်ဘာလ ၁ရက်(ယမန်နေ့)တွင် ကျရောက်သည့် ကမ္ဘာ့AIDSနေ့ကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျန်းမာရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြဝတီမြို့၊ မြစန္ဒီ ပန်းခြံတွင် ပထမဦးဆုံးအကြိမ်အခမ်းအနားကြီးဖြင့် အကျယ်တဝင့်ကျင်းပပြုလုပ်ခဲ့ကြသည်။
မြဝတီခရိုင်၊ ခုခံကျ ကာလသား တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝင်းဇင်ကိုကို က “HIV/AIDS ရောဂါဆိုတာ လူတန်းစားအကုန်လုံးမှာတော့ အကုန်မဖြစ်ဘူးပေါ့။ ဦးတည်အုပ်စုလို့ ခေါ်တဲ့ အမျိုးသမီး လိင် လုပ်သားတွေ အမျိုးသားချင်းလိင်တူဆက်ဆံတဲ့သူတွေ၊ မူးယစ်ဆေးဝါးအကြောထိုးသွင်းတဲ့သူတွေ အဖြစ်များ တာပေါ့။ အခုနောက်ပိုင်းမှာတော့ ကျနော်တို့ ရွှေ့ပြောင်းသွားလာတဲ့သူတွေ အဖြစ်များလာတာကို ကျနော်တို့ တွေ့ရတဲ့အတွက် ရွှေ့ပြောင်းသွားလာမှုများတဲ့ နောက်ပြီး တခြား မြို့နယ်ခရိုင်တွေထက် အဖြစ်များလာတဲ့ ဒီ မြဝတီခရိုင်မှာကျနော်တို့ ကျယ်ကျယ်ပျံ့ပျံ့ လုပ်ရခြင်းဖြစ်တယ်” ဟ ုကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ခုခံကျ ကာလသား တိုက်ဖျက်ရေးအဖွဲ့အနေဖြင့် ၂၀၃ဝ ခုနှစ်တွင် HIV/AIDS ရောဂါကို ပြည်သူ့ကျန်း မာရေး ပြဿနာအဖြစ်ကနေ အမြစ်ပြတ် ဖယ်ရှားရန်နှင့် လာမည့် ၂၀၂၅ခုနှစ်တွင် မိခင်မှ ကလေး ကူးစက်မှု နှုန်းကို လုံးဝကင်းစင်ပပျောက်သွားသည်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းလည်း ဒေါက်တာ ဝင်းဇင်ကိုကိုက ဆက်ပြောသည်။
ထိုနေ့ အခမ်းအနား၏ မနက်ပိုင်းအစီအစဉ်အနေဖြင့် မြဝတီ မြို့တွင်းနှင့် နီးစပ်ရာဒေသများသို့ HID/AIDSဆိုင် ရာ ပညာပေးလှည့်လည်လှုံ့ဆောင်မှုများပြုလုပ်ပေးသလို ညနေပိုင်းအစီအစဉ်အနေဖြင့် နာမည်ကျော် တေးသံ ရှင်များနှင့် လူရွှင်တော်များပါဝင်သည့် ပညာပေးဖျော်ဖြေရေးအစီအစဉ်များနှင့် မယ်တော်ဆေးခန်း အပါအဝင် နယ်စပ်အခြေစိုက် တိုင်းရင်းသားနှင့်အခြားကျန်းမာရေး အဖွဲ့အစည်းများ၏ ကျန်းမာရေး ပြခန်းများကို ပြန်သ ထားခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့သည်။
HIV ရောဂါပိုးရှိသူ ဒေါ်ခင်နှင်းသွယ်က“ ဒီနေ့ ဆောင်ပုဒ်အရဆိုရင် မိမိကအစ သွေးစစ်ကြပေါ့နော်။ အဲ့ဆောင် ပုဒ်အတိုင်းပဲ ဘယ်သူဖြစ်ဖြစ်ပေါ့ သွေးစစ်သင့်တယ်။ ပိန်တာ ဝတာ ကျန်းမာတာ မကျန်းမာတာနဲ့မဆိုင်ဘူး။ သွေးစစ်ဆေးပြီးလို့ရှိရင်တော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အဓိက သိရတယ်။ အဲ့ဒါဆိုရင် ကြိုတင်ပြီး ကာကွယ်ပြီးသားဖြစ်တယ်။ မရှိဘူးဆိုလည်းကာကွယ်ပြီးသားဖြစ်သလို ရှိနေရင်လည်း ဘာဆက်လုပ်ရမလဲ ဆိုတာကို ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရှေ့ဆက်ပြီး သွားလို့ရတာပေါ့။ အဓိက ကတော့ မရှက်ပါနဲ့ မကြောက်ပါနဲ့။ သွေးစစ်ဆေးမှု ခံယူကြပါ”ဟု ကေအိုင်စီသို့ပြောသည်။
ကမ္ဘာ့ AIDS နေ့သည် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၁ရက်နေ့ကို ပထမဦးဆုံး သတ်မှတ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များက ထိုင်း-မြန်မာနယ်စပ်ရှိ ကျန်းမာရေး၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်းပြီး ထိုင်းနိုင်ငံ၊ မဲဆောက် မြို့တွင် စုပေါင်းလမ်းလျှောက်ချီတက်ပွဲကို နှစ်စဉ်ပြုလုပ်ခဲ့ကြသော်လည်း အခြေအနေအမျိုးမျိုးကြောင့် ၂၀၁၆ ခုနှစ်ကစ၍ အခမ်းအနားများဖြင့်သာ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ ယခုနှစ်တွင် အစိုးရနှင့် နယ်စပ် ကျန်းမာ ရေး အဖွဲ့အစည်းတို့စုပေါင်း၍ ပထမဦးဆုံးအကြိမ် အခမ်းအနားများဖြင့် အကျယ်တဝင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။