နိုဝင်ဘာ ၂၉ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင်ရှိနေသည့် မြန်မာကလေးငယ်များအား အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်မှု မြှင့်တင်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ၊ နယ်စပ်အခြေစိုက်ကလေးအခွင့်အရေးနှင့်ကျန်းမာရေးဆိုင်ရာ လူမှုအဖွဲ့အစည်းများအကြား ̔ကလေးအခွင့်အရေးနှင့် မွေးစာရင်းဆွေးနွေးပွဲ̕ တစ်ခုကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ Queen Palace ဟိုတယ်၌ နိုဝင်ဘာ ၂၈ မှ ၂၉ ရက်အထိ ပြုလုပ်ခဲ့ကြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များ၊ ဒုက္ခသည်နှင့် ပြည်တွင်းစစ်ရှောင် ဒုက္ခသည်များ၏ ကလေးငယ်များ မွေးစာရင်းနှင့် ကလေးငယ်များအတွက် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန်အတွက် ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်သူ ဒေါက်တာ စင်သီယာမောင်က ပြောသည်။
“ နယ်စပ်နဲ့ ပြည်တွင်းဆက်ဆံမှုတွေ ပိုပြီးတော့အားကောင်းလာတဲ့အတွက်ကြောင့် လက်ရှိရွှေ့ပြောင်း ကလေးတွေ၊ နှစ်နိုင်ငံ ကူးပြီးနေထိုင်တာတို့၊ နိုင်ငံမဲ့ဖြစ်နေတဲ့ ကလေးတွေရဲ့အရေးကို အစိုးရ နှစ်ရပ်လုံးက ပိုပြီးတော့ အာရုံစိုက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ အထူးသဖြင့်တော့ ဒီနယ်စပ်ဖြတ်ကျော်မှုနဲ့ပတ်သက်ပြီးတော့ အစိုးရ အဆင့်မှာ အစည်းအဝေးပွဲတွေ အများကြီးရှိနေပေမဲ့ ဒီကလေးအခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး အခြေခံတဲ့ စုစည်းမှုတွေ ပူးပေါင်းမှုတွေ ပိုပြီးတော့ အားကောင်းလာဖို့တော့ ကျမတို့ မျှော်လင့်ပါတယ် ” ဟု ကေအိုင်စီ သို့ပြောသည်။
လက်ရှိတွင် နယ်စပ်လူဦးရေနှင့်ရွှေ့ပြောင်းမှုများသည် ဆက်လက်ရှိနေဆဲ အခြေအနေတွင် ထိုင်းနိုင်ငံကို အခြေပြုကာ ကူညီလုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့ အစည်းများက ပံ့ပိုးမှုများ အားနည်းလာပြီး ပြည်တွင်းလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ ပိုမိုအာရုံ စိုက်လာမှုအပေါ် ကလေးအခွင့်ရေးဆိုင်ရာလုပ်ငန်းဆောင်တာများကို လုပ်ဆောင် နေသည့် အချို့သော လူမှုအဖွဲ့အစည်းများအတွက် စိုးရိမ်မိကြောင်းလည်း ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။
ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကော်မတီ(မြန်မာနိုင်ငံ)-CPPCRဦးဆောင်၍ နိုဝင်ဘာ ၂၈မှ ၂၉ရက်နေ့အထိ နှစ်ရက်တာ ပြုလုပ်သည့် ၎င်းဆွေးနွေးပွဲကို ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ထိုင်း-မြန်မာနယ်စပ် အခြေစိုက်ကလေးအခွင့်အရေး ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေးအဖွဲ့ အစည်းမှတာဝန်ရှိသူများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများ စုစုပေါင်း (၅၀)ကျော် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြ သည်။
မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ဒီက CPPCR တစ်ခုလုံး လုပ်နေတဲ့ဘက်ကော ထိုင်းရှေ့နေတွေနဲ့ ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေ ကျနော်တို့ နိုင်ငံသားတွေအတွက် လုပ်ပေးနေတာ အများကြီး ကျေးဇူးတင်တယ်။ မွေးစာရင်းရဖို့ရယ်၊ နိုင်ငံသားဖြစ်ဖို့ရယ် မှတ်ပုံတင်ရဖို့ ပညာသင်ကြားဖို့ စတဲ့ အချက်တွေကို ဒီဘက်က ကြိုးပမ်းဆောင်ရွက်နေတာဟာ သိပ်ကောင်းတဲ့အချက်ပဲ။ ဝမ်းလည်းသာတယ်။ ဝမ်းလည်းနည်းတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ နိုင်ငံမှာ ဒီလောက် လုပ်ကိုင်နေတာမရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အတူ လက်ရှိမြန်မာနိုင်ငံတွင် ဘာသာ၊ ဓလေ့ထုံးတမ်းအရ အသက် (၁၈)နှစ်အောက် လက်ထပ်ထိမ်းမြားနိုင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ယမန်နေ့က အတည်ပြုခဲ့ပြီးနောက် ၎င်းအပေါ် ဆွေးနွေးပွဲတက်ရောက်လာ သူများက ထည့်သွင်းဆွေးနွေးမှုများပြုကြကာ ကျန်းမာရေးရှုထောင့်အရ မျိုးဆက်ပွား ကျန်းမာရေးနှင့် တိုက်ရိုက် ဆက်နွယ်နေသလို လက်ရှိ မြန်မာနိုင်ငံတွင်လည်း သက်ငယ်မုဒိမ်းမှုများစွာ ဖြစ်ပွားနေခြင်းနှင့်အတူ ၎င်းဥပဒေကို အတည်ပြုလိုက်ပါက သက်ငယ်မုဒိမ်းမှုကို အားပေးရာရောက်မည်ဟုလည်း ၎င်းဆွေးနွေးပွဲ၌ ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။