ဇူလိုင် ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် မြို့နယ် ၆ခုအတွင်း ရေကြီးမှု အရှိန်မြှင့် တက်လျှက်ရှိနေပြီး နေအိမ်ပျက်စီးမှုနဲ့ ရေဘေးသင့် ပြည်သူများပိုမို တိုးများလာကာ ကယ်ဆယ်ရေး စခန်းများ တိုးချဲ့ဖွင့်လှစ်ထားရကြောင်း ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန် ့ခွဲမှု ဦးစီးဌာန၊ တာဝန်ရှိက ပြောသည်။
ပြည်နယ်အတွင်း ဇူလိုင်၂၂ရက်နေ့ မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး သံလွင်နှင့် သောင်ရင်းမြစ်ရေ မြှင့်တက်လာ မှုကြောင့် လှိုင်းဘွဲ၊ မြဝတီ၊ ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ဖာပွန် စသည့် မြို့နယ် တို့တွင် ဇူလိုင် ၂၅ရက်နေ့ညပိုင်းအထိ ရေကြီးမှုအရှိန်မြှင့်တက်လာခြင်း ဖြစ်သည်။
“ရေကြီးတဲ့နေရာတွေက များလာတယ်။ ဖာပွန်တို့ ဘာတို့ဆို ဟိုနေ့က မတက်ဘူး။ မနေ့ကမှ စခန်းတွေ စဖွင့် ထားရတာ။ ရေဘေးသင့်ပြည်သူတွေကို အခုလောလောဆယ် ဆန်တို့ ခေါက်ဆွဲခြောက်တို့ ငါးသေတ္တာတို့ ထောက်ပံ့ထားတယ်။ နောက်ပြီး ဒီနေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်မှာ ကယ်ဆယ်ရေးထောက်ပံ့ငွေ နဲ့ပစ္စည်းတွေကို ဖားအံမြို့နယ်မှာပေးထားတာရှိတယ်” ဟု ဌာန၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြော သည်။
လတ်တလောရေကြီးမှုကြောင့် ဖားအံမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၁ခု၊ လှိုင်းဘွဲမြို့နယ်တွင် ၁၅ခု၊ မြဝတီ မြို့နယ်တွင် ၈ခု၊ ကော့ကရိတ်တွင် ၃ခု၊ ဖာပွန်တွင် ၂ခုနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နီးစပ်ရာဆွေမျိုး နေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်နေရပြီး အိမ်ထောင်စုပေါင်း ၂,၃၁၅ စုမှ
ရေဘေးသင့်ပြည်သူ စုစု ပေါင်း ၁၁,၁၁၇ ဦး ခန့်ရှိသည်ဟု ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန် ့ခွဲမှု ဦးစီးဌာနမှ သိရသည်။
ပြည်နယ်အတွင်း ဇူလိုင်လ ၂၃ရက်နေ့တွင် မြဝတီ၊ လှိုင်းဘွဲနှင့် ဖားအံစသည့် မြို့နယ် ၃ခု တွင် ရေကြီးမှု ကြောင့် ကယ်ဆယ်ရေးစခန်း (၁၉)ခုဖွင့်လှစ်ခဲ့ပြီး အိမ်ထောင်စု တစ်ထောင်ကျော်မှ လူဦးရေ ငါးထောင်ကျော် ရေဘေးသင့်ခဲ့သော်လည်း နှစ်ရက်အတွင်း ရေဘေးရှောင်ပြည်သူ နှစ်ဆခန် ့တိုးလာခဲ့သည်။
လက်ရှိ ရေဘေးသင့်ပြည်သူများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအဆင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းကာ လိုအပ်သည်များ ပံ့ပိုးပေးလျက်ရှိသည်ဟု ဌာနတာဝန်ရှိသူများ ကပြောသည်။
ပြည်နယ် မိုးလုံလေလုံအားကစားရုံ ရေဘေးရှေင် စခန်းသို့ ရောက်ရှိလာသူ ဒေါ်ခင်မိုးနွယ်က “ကျမတို့ ဖားအံ အမှတ် (၁)ရပ်ကွက်မှာနေတာ။ ၂၄ ရက်နေ့က ဒီကိုရောက်လာတာ။ ရေက ၁၂ပေလောက် မြှင့်လာတယ်။ အခုထောက်ပံ့မှုက တိုက်ရိုက်လာပေးတာတော့ မရှိပါဘူး။ ထမင်းဟင်းပဲ ချက်ကျွေးတယ်။ ကျန်တဲ့ ထောက်ပံ့ မှုတော့ မတွေ့ရသေးဘူး” ဟု ဇူလိုင် ၂၅ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
ဇူလိုင်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂နာရီ အချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဖားအံ မြို့၏ စိုးရိမ်ရေမှတ်အထက်(၃)ပေခန့် သို့ကျော်လွန်နေပြီး ယနေ့ ၂၆ရက်နေ့အထိ မြို့၏ စိုးရိမ်ရေ မှတ်အထက် တည်ရှိနိုင်ကြောင်း ဖားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိ ပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီး ဌာနမှ အကြံပြုချက် ထုတ်ပြန်ထားသည်။ ကရင်ပြည် နယ် အတွင်းနှစ်စဉ် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ဖူးသလို ယခင်နှစ်ထက် ယခုနှစ်တွင် ပိုမိုဆိုးရွားစွာရေ ကြီးမှု ဖြစ်ပေါ် နေသည်ဟု ဒေသခံများက ပြောသည်။