ဇွန်လ ၂၈ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်မြောင်ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်၌ ပထမဆုံးအကြိမ် တိုင်းရင်းသား ၅မျိုး၏ စာပေနှင့် ဘာသာစကားသင်တန်းကို ဇူလိုင် ၃ရက်နေ့တွင် စတင် ဖွင့်လှစ်သင်ကြားသွားမည်ဟု ဒဂုံ တက္ကသိုလ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဒေါက်တာမိခင်စောအောင် (ပါမောက္ခ/ဌာ နမှူး၊ ဥပဒေပညာဌာန)က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဒဂုံတက္ကသိုလ် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်တန်းတွင် ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ မွန် စသည့် တိုင်းရင်းသားဘာသာစကားငါးမျိုးကို ဇူလိုင် ၃ရက်မှ ၃၁ရက်နေ့အထိ တစ်ပတ်လျှင် ၃ရက်ဖြင့် စာသင်ချိန် မထိခိုက်စေဘဲ တစ်လတာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။
ယခုလို တိုင်းရင်းသားဘာသာစကားများ သင်ကြားရခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာမိခင်စောအောင်က “တိုင်းရင်းသားတွေမှာ မတူညီတဲ့ သူတို့ရဲ့ကိုယ်ပိုင် ဓလေ့ထုံးစံနဲ့ ရိုးရာယဉ်ကျေးမှုတွေ အမျိုးမျိုးရှိကြတယ်။ အဲ့ဒါတွေကို ထိန်းသိမ်းတဲ့အနေနဲ့ရော မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး တစ်ဦးကိုတစ်ဦး အပြန်အလှန် နားလည်ကြပြီးတော့ ချစ်ကြည်ရင်းနှီးတဲ့ စိတ်ဓာတ်တွေ ပိုပြီးတော့ ခိုင်မာ လာအောင် ရည်ရွယ်ပြီး သင်ကြားပေးခြင်း ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်တိုင်းရင်းသားဘာသာစကား သင်ကြားရာတွင်လည်း ဒဂုံတက္ကသိုလ်အတွင်းရှိ ကရင်ကျောင်းသားများ သာမက စိတ်ပါဝင်စားသော အခြားတိုင်းရင်းသား ကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ယူ နိုင်ပြီး ယခုကဲ့သို့ ပျောက်ကွယ်လုနီးဖြစ်နေသော တိုင်းရင်းသားဘာသာစကားများကို ပါမောက္ခများက ကျောင်းတက်နေစဉ်အတွင်း မိမိလူမျိုးအလိုက် ပြန်လည်လေ့လာသင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ဒဂုံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား စအိုင်သပလန်းက ပြောသည်။
ဒဂုံတက္ကသိုလ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူးကာ တိုင်းရင်းသားစာပေနှင့် ဘာ သာစကားသင်တန်းကို ယခုလို ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ကော်မတီအနေဖြင့် ပြည်ထောင်စုနေ့ အကြို တိုင်းရင်းသားပဒေသာကပွဲနှင့် တိုင်းရင်းသားအစားအစာ ဈေးရောင်းပွဲတို့ကို နှစ်စဉ်နှစ်တိုင်း အစဉ် အလာတစ်ရပ်အနေဖြင့် လုပ်ဆောင်သွားမည်ဟု ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။



















