ဇွန်လ ၂ဝ ရက်၊ ၂၀၁၈ခုနှစ်။ နန်းဝေဖြိုးဇာ
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များအနေဖြင့် နေရပ်သို့ များများပြန်လာရန် အားပေးအားမြောက်ပြုခြင်းမရှိဘဲ လိုအပ်ချက်များကို ကူညီပံ့ပိုးခဲ့ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းဒေသ UNHCR တာဝန်ခံ(ဖားအံရုံး) Ms. Maureen McBrien က (ဇွန် ၂ဝရက်)တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။
အဆိုပါ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ကရင်ပြည်နယ် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ယနေ့ ကျင်းပခဲ့ကြပြီး အခမ်းအနား အပြီးတွင် Ms. Maureen McBrien က “ကျမတို့ UNHCR က မြန်မာနိုင်ငံမှာကတော့ အစိုးရရဲ့ ဖိတ်ခေါ်ချက်ရှိမှ အလုပ်လုပ်လို့ ရတယ်။ အခု လောလောဆယ် အရှေ့တောင်ပိုင်းမှာရှိတဲ့ UNHCR ကတော့ ထိုင်းမှာရှိတဲ့ဒုက္ခသည် နေရပ်ပြန်လာနိုင်ရေးအ တွက် အစိုးရကို ကူညီပံ့ပိုးပေးရတာဖြစ်တယ်။ သူတို့များများပြန်လာအောင် ကျမတို့ အားပေးအားမြောက်မပြုဘူး။ သူတို့ပြန်လာ ချင်စိတ်ရှိမှ သူတို့သဘောထားကောက်ယူတယ်။ ပြန်လာရင် ဘယ်လိုနေထိုင်သွားမလဲ လိုအပ်တဲ့ဟာတွေကို ကူညီပေးတာရှိ တယ်။”ဟု သတင်းထောက်များကို ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ခုတွင် လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ ခိုလှုံသည့် မြန်မာဒုက္ခသည်ဦးရေ တစ်သိန်းနီးပါး ရှိနေဆဲဖြစ်ပြီး ယင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့မှာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရတို့၏ အစီအစဉ်ဖြင့် ပြီး ခဲ့သည့် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နှင့် ၂၀၁၈ခုနှစ်၊ မေလ ၇ရက်တို့တွင် အသီးသီးနေရပ်ပြန် အခြေချနေထိုင်ခဲ့ကြ သည်။
အဆိုပါ နယ်စပ်ဒုက္ခသည်စခန်းမှ နေရပ်ပြန်လာသူများကို ကူညီထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သလို ကရင်ပြည်နယ်အစိုးရအ နေဖြင့် ပြန်လည်လက်ခံခြင်းအပြင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တတ်နိုင်သည့် ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ကြသည်။
ထို့အပြင် ပြည်ပ၌ ခိုလှှုံနေရသည့် ဒုက္ခသည် အပါအဝင် ပြည်တွင်းနေရပ်စွန့်ခွာရသူများ ပြန်လာနိုင်ရန်နှင့် ပြန်လည်ဝင်ဆံ့ပေါင်း စည်းနိုင်ရေး အခြေအနေများကို ဖန်တီးနိုင်ရန်အတွက် အစိုးရအနေဖြင့် ခိုင်မာစွာ ကတိပြု ဆောင်ရွက်လျက်ရှိကြောင်းလည်း ကရင်ပြည်နယ်အစိုးရက ဆိုသည်။
ယနေ့ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNHCR တို့ပူးပေါင်းပြီး ပြည်နယ်အတွင်းရှိ NGO အဖွဲ့များ အပါအဝင် အရပ်ဖက်အဖွဲ့များ၊ ဌာနဆိုင်ရာအချို့နှင့် လူထုအပါအဝင် လူ ၁၀၀ကျော် တက် ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်မှ ပေးပို့သည့် အမှာစကားနှင့် UNHCR မဟာမင်းကြီး၏ သဝဏ်လွှာ ဖတ်ကြားခြင်းအပြင် ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ဘူးသူများ၏ နေရပ်ပြန်အတွေ့အကြုံများကို မျှဝေဖလှယ်ပေးခဲ့ကြသည်။
အခမ်းအနားတက်ရောက်သူ စောငွေသိန်းက “ဒီအခမ်းအနားမှာ အတွေ့အကြုံ လာပြောပြဖို့ UNHCR က ခေါ်တာပေါ့နော်။ ကျနော်က အုန်းဖျန်ဒုက္ခသည်စခန်းမှာ သွားနေထိုင်တာ ဆယ်နှစ်ကျော်တယ်။ ပြီးခဲ့တဲ့လတုန်းကပဲ ပြန်လာတယ်။ သူများနိုင်ငံ မှာ ကြာကြာမနေနိုင်လို့ပြန်လာတာ။ စစချင်းပြန်လာတုန်းကတော့ သူတို့ကူညီထောက်ပံ့တာရှိတယ်။ အခုက ဒီမှာရှိနေတဲ့ ဆွေ မျိုးသားသမီးကိုပဲ ပြန်ကပ်နေရတာပေါ့။ ဒီမှာအခြေခံမရှိဘဲ ပြန်လာရင်တော့ ချက်ချင်းအဆင်မပြေနိုင်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ကမ္ဘာ့ဒုက္ခသည်များနေ့ကို ကရင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်မှစတင်ကာ UNHCR က နှစ်စဉ်ပြုလုပ်ကျင်းပခဲ့သော်လည်း ယခုကဲ့ သို့ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်းကျင်းပမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
ဒုက္ခသည်နေ့ ကျင်းပရခြင်းနှင့်ပတ်သက်ပြီး Ms Maureen McBrien က “နေရပ် စွန့်ခွာနေရတဲ့ ဒုက္ခသည်တွေကို စာနာထောက် ထားပြီး နိုင်ငံတော်အစိုးရဖြစ်စေ၊ အခြားအဖွဲ့အစည်းဖြစ်စေ ပိုပြီး အာရုံစူးစိုက်လာနိုင်ဖို့ ရည်ရွယ်သလို ဒုက္ခသည်တွေကို အသိ အမှတ်ပြုတဲ့အနေနဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ ကျင်းပပြုလုပ်ခြင်းဖြစ်တယ်”ဟု ပြောသည်။
နယ်စပ်တစ်လျှောက် ကယ်ဆယ်စောင့်ရှောက်ရေးညွန့်ပေါင်းအဖွဲ့ TBC ၏ ၂၀၁၈ခုနှစ် မေလစာရင်းများအရ ထိုင်း-မြန်မာနယ် စပ်ရှိ ဒုက္ခသည်စခန်း ၉ခုတွင် ခိုလှုံနေရသူ ၉၇,၄၉၆ဦးရှိနေဆဲဖြစ်သလို ကရင်ပြည်နယ်အတွင်း လက်ရှိအချိန်အထိ ဖာပွန်နှင့် မြိုင်ကြီးငူဒေသများအတွင်း ပြည်တွင်းစစ်ရှောင် ထောင်နှင့်ချီ နေရပ်မပြန်နိုင်သည့် အခြေအနေဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တနသင်္ာရီတိုင်း၊ ထားဝယ်နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်များတွင် ကျင်းပခဲ့သလို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်လည်း အသီးသီးကျင်းပခဲ့ကြသည်။



















