Home သတင်း ၂၀၁၉ တွင် ကရင်အထက်တန်းဖတ်စာသင်တန်း ဖွင့်လှစ်သွားမည်

၂၀၁၉ တွင် ကရင်အထက်တန်းဖတ်စာသင်တန်း ဖွင့်လှစ်သွားမည်

2302

‌မေ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ယခုနှစ်တွင် ကရင်အထက်တန်းဖတ်စာ မိတ်ဆက်သင်တန်းကို မဖွင့်လှစ်နိုင်‌သေး‌သော်လည်း ‌နောင်နှစ် ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်သင်ကြားသွားမည်ဟု သင်တန်းဖြစ်‌မြောက်‌ရေးတာဝန်ရှိသူများက ‌မေ ၂၁ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ထွိ‌မောင်ထိုရွာတွင် ဖွင့်လှစ်‌နေသည့် ၈ ကြိမ်‌မြောက် ကရင်အ‌ခြေခံပညာ အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်း၌ သင်တန်းမှူး အရှင်ဂုဏသာမိက ယခုလို မိန့်ကြားသည်။

“အထက်တန်းအဆင့်ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက သင်ကြား‌ပေးမလို့ပါ။ ဒါ‌ပေမဲ့ လုပ်စရာကိစ္စများလာလို့ ဖတ်စာကို အချိန်မှီ ပုံနှိပ်နိုင်ခြင်းမရှိတာရယ်၊ သင်ကြားခွင့်ကို ကရင်ပြည်နယ်အစိုးရက အ‌ကြောင်းမပြန် ‌ပေး‌သေးတာရယ်‌ကြောင့် အထက်တန်းဖတ်စာကို မိတ်ဆက်သင်ကြားဖို့ မဖြစ်‌သေးတာပါ ”ဟု မိန့်ကြားသည်။

အထက်တန်းအဆင့်ဖတ်စာများကို သင်တန်းသားများအား မိတ်ဆက်သင်ကြား‌ပေးခြင်း မရှိ‌သေး‌သော်လည်း ယမန်နှစ်နှင့် ယခုနှစ်တွင် သင်တန်း‌ကော်မတီဝင်များကို သင်ကြားမိတ်ဆက်‌ပေး‌နေပြီဖြစ်‌ကြောင်း အရှင် ဂုဏသာမိက ဆက်လက်မိန့်ကြားသည်။

ကရင်အထက်တန်းအဆင့်တွင် ၉ တန်းနှင့် ၁ဝ တန်းကို ပြုစုထားပြီး အတည်ပြုပြီးသည့်အခါ ‌နောင်လာမည့် ၉ ကြိမ်‌မြောက် သင်တန်းတွင် အ‌ခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဖတ်စာ မိတ်ဆက်သင်တန်းဟု ‌ပြောင်းလဲ တိုးချဲ့ ဖွင့်လှစ်ရန် ရှိ‌ကြောင်း သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

ဝင်း‌ရော်-သမိုက်‌ဒေသ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ စု‌ပေါင်းဖွင့်လှစ်သည့် ယခု သင်တန်းကို အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်ဘာသာစကား အလယ်တန်းအဆင့် သင်ကြားမည့်အချိန် ဖတ်စာအုပ်နှင့် သင်ကြားမည့် ဆရာများ အဆင်သင့် ဖြစ်‌နေ‌စေ‌ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်‌ကြောင်းလည်း သိရ သည်။

‌မေ ၁၅ မှ ၂၃ ရက်‌နေ့အထိ ၉ ရက်ကြာ ဖွင့်လှစ်သည့် သင်တန်းသို့ ကရင်နှင့် မွန်ပြည်နယ်၊ တနသင်္ာ ရီတိုင်း‌ဒေသကြီးများမှ သင်တန်းသူ/သား ၁၉၉ ဦးနှင့် သင်တန်းဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင် ဆရာ/ မများ စုစု‌ပေါင်း ၆၄ ဦးခန့်က ဦး‌ဆောင်သင်ကြား‌ပေး‌နေခြင်းဖြစ်သည်။

သင်တန်းတွင် ၅ တန်းနှင့် ၆ တန်းအား တန်းခွဲတစ်ခုအဖြစ်လည်း‌ကောင်း၊ ၇ နှင့် ၈တန်းကို တန်းခွဲ တစ်ခုဖြစ်လည်း‌ကောင်း သင်ကြား‌နေပြီး ယဉ်‌ကျေးမှု ဒုံးအကများ၊ ကရင့်‌ရေးရာနှင့် ဗဟုသုတများကိုလည်း သက်ဆိုင်ရာ ပညာရှင်များက သင်ကြား‌ဟော‌ပြော‌ပေး‌နေသည်။

ဖားအံမြို့နယ်၊ သိုင့်‌ကျောင်ရွာမှ တက်‌ရောက်လာသည့် သင်တန်းသူ နန်း‌ဆောင်‌ဖော့အွာအွာခလိန်းက “ ဒီသင်တန်းကိုလာတက်ရတဲ့ ရည်ရွယ်ချက်က‌တော့ သင်တန်းပြီးလို့ရှိရင် အခြားရွာနဲ့ ရွာမှာရှိတဲ့ သူ‌တွေကို ဒီအလယ်တန်းဖတ်စာ ပြန်လည် သင်ကြားမယ်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ ဝင်း‌ရော်‌ဒေသတွင် နှစ်စဉ်ဖွင့်လှစ် သင်ကြား‌နေ‌သော ကရင်အ‌ခြေခံပညာအလယ်တန်း ဖတ်စာ မိတ်ဆက်သင်တန်းကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်‌မြောက်အား ဒိုင်လွတ်-တမို‌ဝေါင်းရွာ၊ တတိယ အကြိမ်‌မြောက်အား တွန့်တီး(‌တောင်ဒီး)ရွာ၊ ၄ ကြိမ်မှစတင်ကာ ယခု (၈)ကြိမ်‌မြောက် အချိန်အထိ ကို ထွိ‌မောင်ထိုရွာ၌ ၅ နှစ် ဆက်တိုက်ကျင်းပ‌နေခြင်း ဖြစ်သည်။