နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ရန်ရှိသည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံစီမံ ကိန်း နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရ၊ ကုမ္ပဏီ၊ ကရင်လက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများပါဝင်သည့် ကျောက်မီးသွေးစီမံကိန်းကိစ္စ တွေ့ဆုံဆွေးနွေးခြင်းစကားဝိုင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
ဖားအံမြို့ သုမေဓာရာမတောရကျောင်းတိုက်တွင် ပြုလုပ်သည့် စကားဝိုင်းတွင် ကရင်ပြည်နယ်ဝန်ကြီး ချုပ် နန်းခင် ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်များ၊ သံဃာတော်များ၊ KNU ပြည်ထဲရေးနှင့်သာသာနာရေးဌာနတာဝန်ခံ ပဒိုစောအားတိုး၊ KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောမိုရှေး အပါ အဝင် TTCL ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ အရပ်ဖက်အဖွဲ့များ၊ ဒေသခံများပါဝင် တက်ရောက်ခဲ့ကြ သည်။
စကားဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အကျိုးတော်ဆောင်ကျောင်းထိုင်ဆရာတော်အရှင်စန္ဒာဝရက “ကျောက် မီးသွေး ကိစ္စနဲ့ပတ်သက်ပြီးတော့
ဝန်ကြီးချုပ်နဲ့အခုလိုထိပ်တိုက်တွေ့ပြီး ဆွေးနွေးတာ အခုနဲ့ဆိုရင် ၂ ကြိမ်ရှိပါပြီ။ ဒေသခံတွေအ နေနဲ့ ကျောက်မီးသွေး စက်ရုံဖြစ် သွားရင် သူတို့ဘယ်လိုနေထိုင်လုပ်ကိုင်ပြီး သားစဉ်မြေးဆက် ဘယ်လိုဘဝ ရပ်တည် သွားမလဲစိုးရိမ် စိတ်ဖြစ်နေတယ်။ အဲဒီတော့ အခုလိုစုံစုံလင်လင်နဲ့ ညှိနှိုင်း တိုင်ပင်နိုင် အောင်ဆိုပြီး အခုလိုဒီပွဲကို ကျင်းပ ခြင်းဖြစ်တယ်”ဟု မိန့်ကြားသည်။
ကျောက်မီးသွေးစက်ရုံကိစ္စ စကားဝိုင်းတွင် ပြည်နယ်အစိုးရဘက်မှသဘောထားများချပြခြင်း၊TTCL ကုမ္ပဏီမှ တာဝန်ရှိ သူများမှ ၎င်းတို့လည်ပတ်မည့် စက်ရုံအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ သဘာဝ ပတ်ဝန်း ကျင်းဆိုင်ရာ လှုပ်ရှားသူများမှ စက်ရုံကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များအပြင် ဒေသခံများမှ စီမံကိန်းပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ၎င်းတို့ခြိမ်းခြောက်ခံရမှုများ ၊ စိုးရိမ်မှုများအပေါ် အမေးအဖြေ များပြုလုပ် ကာဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထုံးတောင်ကျေးရွာမှ ဒေသခံ စောဆာ့ထူးက“ကျနော်တို့ပြောချင်တာက အစိုးရပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အမြဲ တမ်း ကျနော်တို့ရွာထဲကို ဝင်လာတိုင်း ကျနော်တို့စိတ်ထဲမှာ လွတ်လွတ်လပ်လပ်မရှိဘူးလို့ ခံစားရတယ်။ စီမံကိန်းကိစ္စလား မြေယာကိစ္စလား ဘာအကြောင်းကြောင့်လာတာလဲ မေးရင်လည်း ကျနော်တို့က တစ်ဆင့်ပြန် မေးခံရတယ်။ ဓာတ်ပုံရိုက်ရင်လည်း ကင်မရာယူပြီး ပုံတွေအဖျက်ခံရတယ်။ ကျနော်တို့က ဥပဒေ ဆိုတာလည်းမသိတော့ တစ်ခုခု ပြောလိုက်ရင် ဖမ်းသွားမလားစိုးရိမ်မှုတွေဖြစ်တယ်”ဟု စကားဝိုင်းတွင်ပြော ဆိုသည်။
ကျောက်မီးသွေးစီမံကိန်းနှင့်ပတ်သက်ပြီး ကုမ္ပဏီမှ တိုင်းတာစမ်းသပ်မှုများပြုလုပ်ရာတွင် ဒေသခံများ သေချာစွာမသိ ရှိခြင်း၊ စီမံကိန်းတွင်ပါဝင်သည့်မြေယာတိုင်းတာမှုနှင့် လျော်ကြေးငွေကိစ္စများတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ စီမံကိန်းကန့် ကွက်သည့်အနေဖြင့် ဒေသခံများလုပ်ဆောင်သည့် ပိုစတာကပ်ခြင်း၊ ဆုတောင်းပွဲနှင့်စည်းဝေးပွဲ များပြုလုပ်ခြင်းအပေါ် အာဏာပိုင်များမှ နှောင့်ယှက်ခြင်းများရှိသည့်အတွက် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်အရေးလုပ်ဆောင်နေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်း များ ဘက်မှပြန်လည် ထောက်ပြဝေဖန်မှုများရှိနေသည်။
ဒေသခံများ စိုးရိမ်မှုမြင့်တက်နေပြီး ကန့်ကွက်နေဆဲဖြစ်သည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံစီမံကိန်း ကိစ္စကို ပြည်နယ်အစိုးရ၊ ကုမ္ပဏီ နှင့်ဒေသခံများအကြား တွေ့ဆုံဆွေးနွေး ရှင်းပြမှု အကြိမ်ကြိမ်ပြု လုပ် ခဲ့ပြီဖြစ် သော်လည်း ယမန်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးစကားဝိုင်းအထိ ပြေလည်မှု မရရှိသေးကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သိုက်တောကျောင်းဆရာတော် ဦးကုသလဗုတ္တိက “အစိုးရဌာနဆိုင်ရာ၊ ဒေသခံ၊ ကုမ္ပဏီနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပွင့်ပွင့်လင်းလင်း ပြောဆို မေးမြန်း အကြံပြုကြတဲ့အတွက်ကြောင့် ကောင်းကျိုးရ လဒ်တွေဖြစ်ထွန်းလာမယ်လို့ မျှော်လင့်လို့ရတာပေါ့”ဟု စကားဝိုင်းအပေါ် သုံးသပ်ပြောဆိုသည်။
ကျောက်မီးသွေးစီမံကိန်း အကောင်အထည်ဖော်ရန်ရှိသည့် မြေနေရာများမှာ KNU -ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၁ နယ်မြေအတွင်း ပါဝင်နေသော်လည်း ယမန်နေ့ကစကားဝိုင်းတက်ရောက်လာသည့် KNU ခေါင်းဆောင်များအ ပါအဝင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များမှ အဆိုပါကိစ္စကို တစုံတရာ ဝင် ရောက်ဆွေးနွေး ပြောဆိုခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကိုယ်တိုင် ဒေသခံများနှင့်တွေ့ဆုံညှိနှိုင်းမှုမှာ ယခုအကြိမ်အပါအဝင် နှစ်ကြိမ်မြောက်ရှိပြီဖြစ်ပြီး အလား တူတွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က ဝတ်ကြီးကျေးရွာ၌ ပြုလုပ်ခဲ့သေးသည်။